Wednesday, August 29, 2018

လေယာဉ်ပုံစံငယ်များ တည်ဆောက်ပျံသန်းခြင်း ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပမည်


မြန်မာနိုင်ငံတွင် လေကြောင်းအားကစားထွန်းကားရန် လေယာဉ်ငယ်များ တည်ဆောက်ပျံသန်းခြင်း ပြပွဲနှင့်ပြိုင်ပွဲကို ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်း (MAHA) အသင်းထံမှ သိရသည်။
“နိုင်ငံတကာမှာတော့ လေကြောင်း အားကစားတစ်ခုအနေနဲ့ အဖွဲ့ချုပ်အသီးသီးက ပြိုင်ပွဲတွေ လုပ်တာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါကခြေလှမ်းအစပဲ ရှိသေးတယ်။ နောက်ဆို နိုင်ငံတကာ လေကြောင်းအား ကစားတွေအထိ ရောက်အောင်သွားဖို့ လုပ်နေတယ်”ဟု အဆိုပါ MAHA အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်ငြိမ်းကဆိုသည်။

လေယာဉ်ငယ်များ တည်ဆောက် ပျံသန်းခြင်းပြိုင်ပွဲကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်း ၉ နာရီမှစ၍ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၏ ပိုက်ကျော်ခြင်းအားကစားရုံတွင် အခမဲ့ကျင်းပမည်ဖြစ်သည်။

“ဝန်ကြီးဌာနက ပူးပေါင်းပါဝင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ လေကြောင်းဝါသနာရှင်တွေအတွက် အခွင့်အလမ်းတစ်ခုလို့ ပြောလို့ရတယ်။ နိုင်ငံတကာမှာဆိုရင် ဒီလိုပြိုင်ပွဲတွေနဲ့ ပျံသန်းမှုတွေဟာ များပြားပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတောင် တွင်တွင်ကျယ်ကျယ် ပျံသန်းမှု လုပ်နေပါပြီ”ဟု မြန်မာနိုင်ငံအဝေးထိန်း လေယာဉ်တည်ဆောက်ပျံသန်းသူများ ကလပ် (ရန်ကုန်)အဖွဲ့ဝင် ဦးဝင်းနိုင်က မှတ်ချက်ပြုပြောဆိုသည်။

လေယာဉ်ငယ်များ တည်ဆောက် ပျံသန်းခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၀ ကျော်မှ ဝင်ကြေးအခမဲ့ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်ရှစ်ခုကို ယှဉ်ပြိုင်ပြသမည်ဖြစ်သည်။

ပြိုင်ပွဲများတွင် Free Flight ပြိုင်ပွဲ သုံးခုနှင့်ဟယ်လီကော်ပတာပြိုင်ပွဲ၊ အဝေးထိန်းတောင်ပံတပ် လေယာဉ်၊ လေယာဉ်ပုံစံငယ် အမြန်တည်ဆောက်မှု၊ အတောင် နှစ်ထပ်လေယာဉ်ပြိုင်ပွဲများနှင့် စွမ်းရည်ပြပွဲများ ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင်များအသင်းထံမှ သိရသည်။

The Voice

0 comments:

Post a Comment