Monday, August 13, 2018

မွန်ပြည်နယ်တွင် ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီး

မွန်ပြည်နယ်မှာ သြဂုတ် ၁၂ ရက်က ပင်လယ်ဒီရေမြင့်တက်မှုကြောင့် မြို့နယ် ၄ ခုမှာ နေအိမ်တွေ ပြိုကျပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
သြဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီအချိန် ပင်လယ်ဒီရေမြင့်တက်ပြီး ဒီရေရိုက်ခတ်မှုတို့ကြောင့် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ ဓမင်းဆိပ်ပိုင်း ပင်လယ်ကမ်းခြေ အနီးရှိ ယာယီရွှေ့ပြောင်းတဲအိမ် ၁၁ လုံး ယိုင်နဲ့ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အလားတူ ညနေ ၃ နာရီလောက်မှာလည်း ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ပေါင်မြို့နယ် အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ်တွေထဲ ရေ ၅ ပေလောက် ဝင်ရောက်ခဲ့လို့ ဖက်မိုး/ ထရံကာ/ ဝါးခင်း နေအိမ် ၃၇ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အလှပ်တိုက်နယ် ဆေးရုံအတွင်းကိုလည်း ရေ ၁ ပေခန့် ဝင်ရောက်ခဲ့လို့ ဆေးကုသမှုခံယူနေတဲ့ လူနာ ၂၅ ဦး (ကျား ၁၁၊ မ ၁၄) တို့အား ဘုန်းကြီးကျောင်းဓမ္မာရုံကို ယာယီပြောင်းရွှေ့ထားရှိပြီး ဆေးကုသပေးနေရပါတယ်။ ကားတဲကျေးရွာမှာ စပါးစိုက်ခင်းလယ်မြေဧက ၃၀၀ လောက် ရေလွှမ်းမိုးခဲ့ပြီး နွားတဲ ၁ လုံး မျှောပါပျက်စီးဆုံးရှုံးခဲ့ပြီး နွားအကောင် ၂၀ အား ရေလွတ်ရာ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့ထားပါတယ်။ ညနေ ၄ နာရီလောက်မှာလည်း ပင်လယ်ဒီရေမြင့်တက်မှုကြောင့် ချောင်းဆုံမြို့နယ် မရမ်းကျေးရွာပါ ၃ ရွာမှ အိမ်ထောင်စု ၇၅ စုတို့ဟာ နီးစပ်ရာဆွေမျိုးတွေ နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြပါတယ်။ ညနေ ၅ နာရီအချိန်မှာလည်း စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းမြစ်ဘေး အေးသီတာရပ်ကွက်ရှိ နေအိမ် ၇ လုံး ပြိုကျခဲ့ပြီး နေအိမ် ၅ လုံး ယိုင်နဲ့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ DVB

0 comments:

Post a Comment