Monday, August 13, 2018

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲများ လုံးဝမဖြစ်စေရန် ညှိနှိုင်းမည်

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲလုံးဝမရှိတော့သည့်အခြေအနေအထိ ရောက်ရှိရန် ဆက်လက်ညှိနှိုင်းသွားရန် အဖွဲ့ နှစ်ခုကြား သဘောတူခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှသိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ နှစ်ဖွဲ့တို့သည် နှစ်ဖက်စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် ဩဂုတ်လ ၁၁ရက်မှ ၁၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ လုံးဝမရှိတော့သည့်အခြေအနေကို ဆက်လက်ညှိနှိုင်းသွားရန် ဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း (SNLD) တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောကြားသည်။

ထို့ပြင်အဆိုပါ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အနေနှင့် ပြင်ပလူမှုကွန်ရက် စာမျက်ပေါ်ရှိ သတင်းထုတ်ပြန်ရေးဌာနများတွင် အပြန်အလှန် စွပ်စွဲပုတ်ခတ်ရေးသားနေမှုများကို ရပ်တန့်ရန်လည်း သဘောတူခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုက်ပွဲများ လုံးဝ ရပ်တန့်သွားစေရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပြီး တိုက်ပွဲများကြောင့် ပြည်သူများ စစ်ဘေးရှောင်များ ရှိနေကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲကို RCSS/SSA အဖွဲ့က ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဘောင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူးကြီးစိုင်းဦး အစရှိသည်တို့ တက်ရောက်ခဲ့ကြပြီး SSPP ဘက်မှ ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဦးဆောင်တက်ရောက်ခဲ့ပြီး SNLD ကျားခေါင်းပါတီက အတွင်းရေးမှူး စိုင်းကျော်ညွန့်၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်တို့ တက်ရောက်ခဲ့သည်။

RCSS နှင့် SSPP လက်နက်ကိုင် နှစ်ဖွဲ့တို့သည် ပြီးခဲ့သည့် မေလပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှု မြင့်တက်ခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) က လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။


The Voice

0 comments:

Post a Comment