ရန်ကုန်မြို့တွင် အဆင့်မြင့် လက်လီအရောင်းနေရာ စတုရန်းမီတာ ၃၆၀၀၀၀ ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း ကွာခြားမှု မရှိသော်လည်း ပြီးခဲ့သည့် သုံးလပတ်ထက် ငှားရမ်းခ ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။
၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း အဆင့်မြင့် လက်လီအရောင်းနေရာသစ် ထွက်ရှိမှု စတုရန်းမီတာ ၃၈၃၆၄ ထွက်ရှိခဲ့ပြီး ပြီးခဲ့သည့် သုံးလပတ်များနှင့် နှိုင်းယှဉ်ပါက မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၈၀၀၀၀ ဝန်းကျင် ထွက်ရှိခဲ့ပြီး နှစ်ကုန်ပိုင်းတွင် စတုရန်းမီတာ ၃၄၀၀၀၀ ကျော်အထိ ရှိလာခြင်းဖြစ်သည်။ ငှားရမ်းမှုနှုန်းသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ရာခိုင်နှုန်း ၉၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့် အဆောက်အအုံသစ်များ ထပ်မံပေါ်ထွက်လာမှုနှင့်အတူ လက်လီဈေးဝယ်စင်တာ အသစ်များ တိုးပွားလျက်ရှိပြီး ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း သာကေတ မြို့နယ်ရှိ Fortune Plaza Phase 1 ဈေးကွက်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် အဆင့်မြင့် လက်လီအရောင်း နေရာသည် ယခင်သုံးလပတ်ထက် ၁၁ ရာခိုင်နှုန်း၊ ယခင်နှစ် ကာလတူထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လာမည့် ၂၀၁၉ ခုနှစ်အတွင်း အဆင့်မြင့် လက်လီအရောင်းနေရာသစ် စတုရန်းမီတာ ၅၀၀၀၀ ဝန်းကျင် ထွက်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၁၉ နှစ်ကုန်တွင် လက်လီအရောင်း နေရာပေါင်း ၄၀၀၀၀၀ ကျော်အထိ ရှိလာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ပြီးစီးမည့် လက်လီအရောင်းနေရာ ပါဝင်သော စီမံကိန်းများမှာ Yadana Mall (Time City)၊ The One Shopping Mall စသည်တို့ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၌ ငှားရမ်းဖွင့်လှစ်ထားသော ဆိုင်ခန်းများတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်း ဆိုင်များက ၅၅ ရာခိုင်နှုန်း၊ အစားအစာနှင့် အဖျော်ယမကာ ဆိုင်များက ၁၈ ရာခိုင်နှုန်း၊ Special Store ဆိုင်များက ၉ ရာခိုင်နှုန်း၊ ကျန်းမာရေး၊ အလှအပရေးရာ ဆိုင်များက ၇ ရာခိုင်နှုန်း၊ အခြားဆိုင်များက ၁၁ ရာခိုင် နှုန်းပါဝင်ကြောင်း သိရသည်။
မြို့ပြနှင့် လျော်ညီသော ဈေးဝယ်ပုံစံကို ပြောင်းလဲနေခြင်းကြောင့် ဈေးဝယ်စင်တာ အသစ်များ ပေါ်ထွက်နေသော်လည်း ငှားရမ်းလိုသူ များပြားလျက်ရှိသည်။ ဈေးဝယ်စင်တာ အသစ်များလည်း ပုံမှန်ဆက်လက် ဖွင့်လှစ်နေပြီး လာမည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆင့်မြင့် လက်လီအရောင်း နေရာပေါင်း စတုရန်းမီတာ ၅၈၆၅၀၆ အထိရှိမည်ဟု မျှော်မှန်းထားရာ သုံးနှစ်အတွင်း စတုရန်းမီတာ ၁၈၀၀၀၀ ကျော်တိုးတက်ရန် ခန့်မှန်းထားခြင်းဖြစ်သည်။
အဆင့်မြင့် လက်လီအရောင်းနေရာ ငှားရမ်းမှုနှုန်းထား အနေဖြင့်လည်း ရာခိုင်နှုန်း ၉၀ ဝန်းကျင်ရှိနေပြီး ပျမ်းမျှငှားရမ်းခနှုန်း ထားမှာလည်း တစ်စတုရန်းမီတာလျှင် ၃၀ ဒသမ ၇ ဒေါ်လာဝန်းကျင်ရှိပြီး၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဈေးဝယ်စင်တာအသစ်များ ဆက်လက် ထွက်ပေါ်လာသော်လည်း ငှားရမ်းလိုသူ များပြားသောကြောင့် လာမည့်နှစ်နှစ်မှ သုံးနှစ်အထိ အဆင့်မြင့် လက်လီအရောင်းနေရာ ငှားရမ်းခ နှုန်းထားများ အတက်အကျ နည်းပါးမည်ဟု သုံးသပ်ထားသည်။
Eleven Media Group
0 comments:
Post a Comment