ရန်ကုန်တိုင်းအစိုးရနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ကျူးကျော်များအတွက် ကျပ်သိန်း ၄၀ မှ ၅၀ အကြား တန်ဖိုးရှိ အိမ်များကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဧပြီ၂၉ ရက်က Park Royal Hotel ၌ ကျင်းပသော အိုးအိမ်ပံ့ပိုးခြင်းနှင့် ကျူးကျော်ပြဿနာ ဖြေရှင်းနိုင်မည့် နည်းလမ်းများ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။
စတင်မည့်နေရာမှာ လှိုင်သာယာမြို့နယ်ရှိ အမှတ် (၂၀) ရပ်ကွက်ရှိ ကျူးကျော်စလစ် ရရှိထားသူများအတွက် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး အိမ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ငွေကြေးမရှိသူများကိုလည်း ချေးငွေများ ထုတ်ချေးမည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ပြောကြားသည်။
“ကျွန်မတို့ အစိုးရအဖွဲ့ အနေဖြင့် တစ်ခါတစ်ရံ မြေပြင်မှာ အမှန်တစ်ကယ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သိရှိရန် ခက်ခဲပါတယ်။ ဒါကြောင့် အခုလို အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ထိရောက်ပြီး စီမံကိန်း အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ပြောကြားသည်။
ယင်းစီမံကိန်းအတွက် ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (အင်းစိန်)၊ Asia Foundation စသော ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အိမ်တည်ဆောက်မည့် မြေနေရာမှာ အစိုးရပိုင်မြေများဖြစ်ပြီး လိုအပ်သည့် ရေ၊ မီး စသည့်ကိစ္စရပ်များကိုလည်း အစိုးရက အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း ဒေါ်မီမီတင်က ဆက်လက် ပြောကြားသည်။
အိမ်များမှာ သွပ်မိုးပျဉ်ထောင် လုံးချင်းတစ်ထပ်အိမ်များဖြစ်ပြီး ၁၂ပေ၊ ပေ ၄၀ ပတ်လည်ရှိ မြေပေါ်တွင် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊ မြေနေရာများကို တိုင်းဒေသကြီး အစိုးရမှ နှစ် ၃၀ မြေငှားစနစ်ဖြင့် ချပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ဆင်းရဲသော ပြည်သူများအတွက် လက်လှမ်းမမီသော အိမ်ရာစီမံကိန်းများသာ ဖြစ်ခဲ့ကြောင်း၊ ထို့ပြင် နည်းပညာနှင့် အိမ်ရာအရေအတွက်မှာ လုံလောက်မှု မရှိခဲ့သောကြောင့် ဝင်ငွေနည်း ပြည်သူများအတွက် ဒီအိမ်ရာစီမံကိန်းတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပျိုမေ့အိမ် လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (အင်းစိန်)မှ ဥက္ကဋ္ဌ ဒေါ်ဗန်လီဇာအောင်က ပြောကြားသည်။
“ဒီစီမံကိန်းမှာ တတ်သိပညာရှင်တွေပါမယ်။ အစိုးရက မြေတို့မီးတို့ပေးမယ်။ ကျန်တဲ့အဖွဲ့အစည်းတွေက အိမ်တစ်လုံးဖြစ်အောင် ဆောက်လုပ်ပေးမယ်။ အစ်မတို့အဖွဲ့က နည်းပညာရှင်တွေ အဓိက ပံ့ပိုးကူညီမယ်။ အိမ်ရာဒီဇိုင်းတွေ ပေးပါမယ်” ဟု ဒေါ်ဗန်လီဇာအောင်က ပြောကြားသည်။
ထို့ပြင်ယင်းကဲ့သို့ စီမံကိန်းများကိုထန်း တစ်ပင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်များတွင် ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် ကျူးကျော်နေထိုင်သူ ငါးသိန်းကျော်ခန့်ရှိကြောင်း၊ အထူးသဖြင့် စက်ရုံအလုပ်ရုံများ တည်ရှိရာ လှိုင်သာယာမြို့နယ်တွင် ကျူးကျော်အများဆုံး နေထိုင်လျက်ရှိပြီး ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ကျူးကျော်များအတွက် အိမ်ရာများ ဆောက်လုပ်ပေးပြီး တရားဝင် မှတ်ပုံတင်ပြီးပါက ရာဇဝတ်မှုများ လျော့ပါးလာနိုင်ကြောင်း လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ဦးကျော်လွင်၏ ပြောကြားချက်အရ သိရှိရသည်။
Eleven Media Group
0 comments:
Post a Comment