Wednesday, May 1, 2019

အစိုးရသစ်လက်ထက် သုံးနှစ်တာ ကာလအတွင်း အခြေခံပညာကဏ္ဍတွင် အဆင့်တိုးမြှင့်ခဲ့သည့် ကျောင်းပေါင်း ၁၄၀၀၀၀ နီးပါးရှိ


အစိုးရသစ်လက်ထက် သုံးနှစ်တာ ကာလအတွင်း ပညာရေး ဝန်ကြီးဌာနမှ အခြေခံပညာ ကဏ္ဍအတွက် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည့် ကျောင်းပေါင်း ၁၄၀၀၀၀ နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ 
ပညာရေး ဝန်ကြီးဌာနက လက်ရှိအစိုးရ လက်ထက်တွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သုံးနှစ်တာ ဆောင်ရွက်ချက်များတွင် ထည့်သွင်းကြေညာ ထားခြင်းဖြစ်သည်။ 

အခြေခံပညာတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် အခြေခံပညာ ကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ပြုလျက်ရှိကြောင်း သိရသည်။ 

ယခင်က ကျောင်းအဆင့် တိုးမြှင့်ရာတွင် ကျောင်းသားဦးရေ တစ်ခုတည်းကိုသာ သတ်မှတ်သော်လည်း ယခုအခါ သွားလာရေး လွယ်ကူမှု၊ ခက်ခဲမှုအပေါ် မူတည်၍ ထည့်သွင်းစဉ်းစားကာ ကျောင်းအဆင့် တိုးမြှင့်ခဲ့ကြောင်း သိရသည်။ 

“အခြေခံပညာကဏ္ဍမှာ ကျောင်းအဆင့် တိုးမြှင့်ပေးတဲ့ အခါမှာ ကျောင်းသားဦးရေ တစ်ခုတည်းမဟုတ်ဘဲ သွားလာရေး လွယ်ကူမှု၊ သွားလာရေး ခက်ခဲမှုတွေ အပေါ်မှာ မူတည်ပြီးတော့မှ ကျောင်းအဆင့် တိုးမြှင့်ပေးတဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကျောင်းသားဦးရေ တိုးတက်လာပါတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာဦးမျိုးသိမ်းကြီးက ပြောကြားသည်။ 

ထိုသို့ ကျောင်းအဆင့် တိုးမြှင့်ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၄၆၀၀၇ ကျောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၄၆၄၉၄ ကျောင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၄၇၀၃၁ ကျောင်း စုစုပေါင်း သုံးနှစ်တာအတွင်း ၁၃၉၅၃၂ ကျောင်းကို အဆင့်တိုးမြှင့်ခဲ့ကြောင်း သိရသည်။ 

ကျောင်းအဆင့် တိုးမြှင့်ပေးရာတွင် ကိုယ့်အားကိုယ့်ကိုး မူလတန်းကျောင်းမှ မူလတန်းကျောင်းခွဲ၊ မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ရခြင်း ဖြစ်သည်။ 

ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့သည့် ကျောင်းများအတွက် လိုအပ်သည့် ဆရာနှင့် ဝန်ထမ်းများ ဖြည့်စွက်ခန့်ထားရာ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွင်း ဆရာ၊ ဆရာမပေါင်း တစ်သောင်းကျော် ခန့်ထားခဲ့ကြောင်း သိရသည်။ 

အလားတူ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများသည် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုသည့် ကျောင်းများအား သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးသို့ ဆက်လက် အကြောင်းကြားရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက်လည်း ညွှန်ကြားထားကြောင်း သိရသည်။ 

ပညာရေး ဝန်ကြီးဌာန၏ သုံးနှစ်တာ ကာလတွင် အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းဆောင်များကိုလည်း သဘာဝဘေး အန္တရာယ်ကြောင့် ပြင်ဆင်ခြင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်များနှင့် ဥပဓိရုပ် မကောင်းသည့် ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ပေးရသည့် ကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment