Wednesday, May 1, 2019

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင် ရောက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၂၄၅၂ စောင်ဖြင့် တိုင်ကြားမှု အများဆုံးဖြစ်

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင် ရောက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၂၄၅၂ စောင်ဖြင့် တိုင်ကြားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။ 
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။ 

၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာ စောင်ရေ ၁၀၅၄၃ စောင် လက်ခံရရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးက ၂၄၅၂ စောင်ဖြင့် အများဆုံး တိုင်ကြားထားပြီး မန္တလေးတိုင်းဒေသကြီးက ၁၈၇၇ ဖြင့် ဒုတိယ အများဆုံး တိုင်ကြားထားကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးက ၁၂၃၁ စောင်၊ ပဲခူးတိုင်းဒေသကြီးက ၁၁၈၁ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၈၈၅ စောင်၊ မကွေးတိုင်းဒေသကြီးက ၅၉၁ စောင်၊ ရှမ်းပြည်နယ်က ၅၃၀ စောင်၊ မွန်ပြည်နယ်က ၄၈၂ စောင်၊ နေပြည်တော်က ၃၉၆ စောင်၊ ကချင်ပြည်နယ်က ၁၈၆ စောင်၊ ကယားပြည်နယ်က ၁၄ စောင်၊ တနင်္သာရီတိုင်းဒေသကြီးက ၁၇၄ စောင်၊ ချင်းပြည်နယ်က ၈၇ စောင်၊ ရခိုင်ပြည်နယ်က ၃၁၂ စောင်၊ ကရင်ပြည်နယ်က ၁၄၅ စောင်အား ရရှိခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၈ ခုနှစ် တိုင်ကြားစာ ၁၀၅၄၃ စောင်၊ ၂၀၁၇ ခုနှစ်တွင် ၂၀၁၄ စောင်၊ ၂၀၁၆ ခုနှစ်တွင် ၇၁၀ စောင်၊ ၂၀၁၅ ခုနှစ်တွင် ၉၈၃ စောင်နှင့်၂၀၁၄ ခုနှစ်တွင် ၉၆၈ စောင် တိုင်ကြားခဲ့ကြောင်း၊ ယင်း တိုင်ကြားစာများအား စိစစ်မှုများ ပြုလုပ်ကာ သက်ဆိုင်သည့် ဌာနများသို့ ပြန်လည် လွှဲပြောင်းခဲ့ကြောင်း၊ တိုင်ကြားသည့် ပြည်သူများထံသို့ အကြောင်းပြန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က လွှတ်တော်၌ ပြောကြားခဲ့သည်။ 

ကော်မရှင်သို့ တိုင်ကြားထားသည့် တိုင်ကြားစာများတွင် အဂတိလိုက်စားကြောင်း ဖော်ပြ တိုင်တန်းမှု ၄၆ စောင်၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှား ဆောင်ရွက်မှု ၁၈၈၃ စောင်၊ လယ်ယာမြေ စီမံခန့်ခွဲမှု ၁၉၁၇ စောင်၊ တရားစီရင်မှု ၁၆၉၀ စောင်၊ ဌာနတွင်း ပုဂ္ဂိုလ်ရေး မမှန်မကန် ဆောင်ရွက်မှု ၄၂၉၇ စောင်၊ တိုင်ကြားစာ ပြန်လည် ရုပ်သိမ်းမှု ၁၉ စောင်၊ အထွေထွေ ၆၉၁ စောင် ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လက်ခံရရှိသည့် တိုင်ကြားစာများ အပေါ်တွင် စုံစမ်းစစ်ဆေးသည့် တိုင်ကြားစာ ၄၆ စောင်၊ ဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးပို့သည့် တိုင်ကြားစာ ၁၇၉၅ စောင်၊ ပြည်သူများထံ အကြံပြုချက်ဖြင့် အသိပေး ပြန်ကြားသည့် တိုင်ကြားစာ ၅၂၆၈ စောင် အရေးယူ ဆောင်ရွက်ပေး၍ မရသော တိုင်ကြားစာ ၂၈၂၄ စောင်၊ စိစစ်ဆောင်ရွက်ဆဲ တိုင်ကြားစာ ၆၁၀ စောင်ရှိကြောင်း လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု ခြောက်မှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေဖြင့် ၂၂ မှု၊ ၂၀၁၅ ခုနှစ်အတွင်းတွင် အဂတိုက်လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု လေးမှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူမှု ၂၀၊ ၂၀၁၆ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု ၁၂ မှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူမှု ၁၆ မှု၊ ရဲစည်းကမ်း ဥပဒေအရ အရေးယူမှု နှစ်မှု ၊ ၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု ၂၈ မှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူမှု ၂၅ မှု၊ ရဲစည်းကမ်း ဥပဒေအရ အရေးယူမှု နှစ်မှု၊ ၂၀၁၈ ခုနှစ်အတွင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှု ၄၆ မှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူမှု ၆၃ မှု၊ ရဲစည်းကမ်း ဥပဒေအရ အရေးယူမှု ၁၃ မှု ရှိခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ 

အဂတိလိုက်စားမှု ဖြစ်စေသည့် အဓိက အကြောင်းတရားများမှာ အများပြည်သူ အကျိုးထက် မိမိအကျိုးအတွက် ဦးစားပေးသူ များပြားနေခြင်း၊ အစဉ်အလာအတိုင်း ဆက်လက် လုပ်ဆောင်လိုကြပြီး မပြောင်းလဲနိုင်ကြခြင်း၊ ထိရောက်စွာ အရေးယူမှု အားနည်းခြင်းနှင့် အချို့နေရာများတွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ပြည်သူများမှ ရှုမြင်နေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ စစ်တမ်းတွေ့ရှိချက်အရ လည်းကောင်း၊ ကော်မရှင်၏၂၀၁၈ ခုနှစ် လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် ပြန်လည် သုံးသပ်ချက်အရသော် လည်းကောင်း၊ ကော်မရှင်အနေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ အောင်မြင်ရေးအတွက် ၂၀၁၉ ခုနှစ်မှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှင့် တိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်လျက်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment