ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုအတွင်းရှိ အိမ်ထောင်စုပေါင်း ၇၅,၀၀၀ ကျော်အထိ လျှပ်စစ်ဓာတ်အား ရရှိစေရန် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်ခွဲအတွင်း ဆောင်ရွက်မှု ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ဧပြီ ၃၀ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးစား လျှပ်စစ်ဓာတ်အား စီမံကိန်း (NEP) အတွက် ဓာတ်အားလိုင်း ထရန်စဖော်မာ တည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချုပ်ဆိုခဲ့သည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စု အရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုပေါင်း ၂၀,၂၉၂၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် အိမ်ထောင်စုပေါင်း ၃,၅၁၉၊ မကွေးတိုင်းဒေသကြီးတွင် အိမ်ထောင်စုပေါင်း ၉,၄၃၅ အထိ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အိမ်ထောင်စုပေါင်း ၁,၀၄၄၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စုပေါင်း ၄,၂၀၀၊ မွန်ပြည်နယ်တွင် အိမ်ထောင်စုပေါင်း ၁၃၂၂ နှင့် မန္တလေးတိုင်း ဒေသကြီးတွင် အိမ်ထောင်စုပေါင်း ၃၅,၇၄၂ အထိရရှိမည် ဖြစ်သဖြင့် စုစုပေါင်း အိမ်ထောင်စုဦးရေ ၇၅,၅၅၄ အထိ လျှပ်စစ်ဓာတ်အား ရရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ လုပ်ငန်းများအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် တစ်နိုင်ငံလုံး အိမ်ထောင်စု အားလုံး၏ ရာခိုင်နှုန်း ၅၀ ကျော်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။
“မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်းရှိပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၀၉ သန်း (၄၃ ရာခိုင်နှုန်း) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ရာ ၆ ဒသမ ၁၆၈ သန်း (၅၇) ရာခိုင်နှုန်းခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေပါတယ်။ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်ပချေးငွေ ရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရဘဏ္ဍာ ရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အိမ်ထောင်စု အားလုံး၏ ရာခိုင်နှုန်း ၅၀ ကျော်ကို ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၃၈၀၀ ခန့်သာ ရှိသော်လည်း လာမည့် သုံးနှစ်အတွင်း နောက်ထပ်မဂ္ဂါဝပ် ၃၀၀၀ ခန့် တိုးမြှင့်တိုးမြှင့် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ် ၁၆ ရက်က ပြောကြားသည်။
နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် အနေဖြင့် တစ်နှစ်လျှင် ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် တစ်နှစ် မဂ္ဂါဝပ် ၃၀၀ မှ ၅၀၀ ကြား တိုးတက်လိုအပ်လျက် ရှိသည်ကို တွေ့ရကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ကာ ကြိုတင်စီမံ ဆောင်ရွက်မှသာ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို နှစ်စဉ်အချိန်မီပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။
အမျိုးသား လျှပ်စစ်ဓာတ်အား စီမံကိန်း (NEP) အရ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment