Wednesday, May 1, 2019

မြန်မာကျပ်ငွေ တန်ဖိုးသည် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း တောက်လျှောက် ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ခြောက်လအတွင်း ၁၇ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု

မြန်မာကျပ်ငွေတန်ဖိုးသည် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း တောက်လျှောက်ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ခြောက်လအတွင်း ၁၇ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။ 
ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့ သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအမျိုးသား စီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၉) ကို နေပြည်တော်၌ ဧပြီ ၂၉ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်သို့ တင်ပြခဲ့ရာ အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။ 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ မြန်မာကျပ်ငွေတန်ဖိုးသည် တန်ဖိုးပြောင်းလဲမှု အနည်းငယ်သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအတွင်း တောက်လျှောက် ကျဆင်းလာခဲ့ကြောင်းနှင့် ငွေကြေးတန်ဖိုး ကျဆင်းမှု များပြားလာခြင်း၏ အကျိုးဆက်သည် နောင်လာမည့် ဘဏ္ဍာနှစ်၏ ငွေကြေးဖောင်းပွမှုအပေါ် တိုက်ရိုက် သက်ရောက်လာမည် ဖြစ်သဖြင့် ဤကဲ့သို့ ငွေကြေးတန်ဖိုး ကျဆင်းမှု များပြားစွာ မဖြစ်ပေါ်စေရေး အတွက် စနစ်တကျ စီမံခန့်ခွဲသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။ 

ဆက်လက်ပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနက် လိုငွေပြလျက်ရှိသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အမှတ် (၁)၊ အမှတ် (၂)၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းများကို အသေးစိတ် ကွင်းဆင်းလေ့လာလျက် ကုစားနိုင်မည့် နည်းလမ်းများ အမြန်ဆုံးရှာဖွေပြီး ဆုံးဖြတ်ချက် ချမှတ်သင့်ကြောင်းနှင့် စီမံကိန်း ရည်မှန်းချက်များ ချမှတ်ရာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့သည့် အခြေအနေ၊ လက်ရှိ ဘဏ္ဍာနှစ်အတွင်း ထူးခြားသည့် အခြေအနေတို့ အပေါ်တွင် အခြေပြု၍ အမှန်အကောင်အထည် ဖော်နိုင်မည့် ရည်မှန်းချက်များကိုသာ ချမှတ်သင့်ကြောင်း ကော်မတီက ပြောကြားထားသည်။ 

ထို့ပြင် Ease of Doing Business ညွှန်းကိန်းအဆင့် တိုးတက်ကောင်းမွန် လာရေးအတွက် (က) စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခြင်း၊ (ခ) ဆောက်လုပ်ခွင့်ရယူခြင်း၊ (ဂ) လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ (ဃ) ချေးငွေရရှိနိုင်ခြင်း၊ (င) အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း၊ (စ)အခွန်ပေးဆောင်ခြင်း၊ (ဆ) ပြည်ပကုန်သွယ်ခြင်းစသည့် ညွှန်းကိန်းများ၌ ပါဝင်ပတ်သက်သူအားလုံး ဝိုင်းဝန်းကြိုးပမ်း ကြသည့်အပြင် ညွှန်းကိန်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးသင့်ပါကြောင်း ကော်မတီက ပြောကြားသည်။ 

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတွင် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး အခြေအနေမှာ ကုန်သွယ်ရေး စစ်ပွဲများ၊ ဒေသတွင်း စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်း၊ ကမ္ဘာ့ရေနံဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းဖော်ပြထားပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် တိုးတက်မှု အရှိန်အဟုန်မှာ နှေးကွေးလျက်ရှိနေခြင်း၊ ပို့ကုန်တိုးတက်မှု အသင့်အတင့်သာရှိခြင်း၊ ပြည်တွင်းဝယ်လိုအား လျော့နည်းခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်းတို့ကြောင့် အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၅ ဒသမ ၁ ရာခိုင်နှုန်းသာ ရရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာနှင့် အာဆီယံ နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု အခြေအနေသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရရှိရန် ခန့်မှန်းထားသော်လည်း ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

Eleven Media Group

0 comments:

Post a Comment