တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားပါက အဖြေလွှာစစ်ဆေးခကို တစ်ဘာသာ လျှင် ကျပ် ၂၅၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ၏ ဘာသာရပ်ဆိုင်ရာရမှတ်များ မျှော်မှန်းထားသည်ထက် လျှော့နည်းနေပါက အဆိုပါ ဘာသာရပ်၏ ရမှတ်များကို ပြန်လည်စိစစ်ပေးရန် လျှောက်ထားနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်ပြီး နှစ်ပတ်အကြာတွင် စိစစ်ပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်ရုံးနှင့် ပါရမီလမ်း၊ လှိုင်မြို့နယ်ရှိ ရန်ကုန်ရုံးခွဲတွင် လျှောက်လွှာပုံစံဖြည့်စွက်၍ စစ်ဆေးခပေးသွင်းပြီး လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာထားသည်။
ယခင်နှစ်များက အဖြေလွှာ စစ်ဆေးခကို တစ်ဘာသာလျှင် ၅၀၀၀ ကျပ်သာ ပေးသွင်းရသော်လည်း ယခုနှစ်မှစ၍ တစ်ဘာသာလျှင် ၂၅၀၀၀ ကျပ်အထိ တိုးမြှင့်ထားကြောင်း သိရသည်။
ကျောင်းသူကျောင်းသားများက ပြန်လည်စစ်ဆေးပေးရန် လျှောက်ထားလာသော ဘာသာရပ်အဖြေလွှာစာအုပ်တွင် အပုဒ်စေ့ စစ်ဆေးထားခြင်း ရှိ၊ မရှိ၊ အမှတ် ပေးစည်းမျဉ်းနှင့်အညီ စစ်ဆေးထားခြင်း ရှိ၊ မရှိ၊ အမှတ်ပေါင်း မှန်ကန်မှု ရှိ၊ မရှိတို့ကို သက်ဆိုင်ရာ တက္ကသိုလ်များရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက စစ်ဆေးသွားမည်ဖြစ်ပြီး အဖြေလွှာကို ကာယကံရှင်မှ ကြည့်ရှုခွင့် မရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးပြီးပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကာယကံရှင်သို့ မှားယွင်းမှု ရှိ၊ မရှိ စာဖြင့်အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း နှင့် အဖြေလွှာများကို ပြန်လည်စစ်ဆေးရာတွင် အမှတ်ပေးမှားယွင်းမှု ရှိပါက အမှတ်စာရင်းကို ပြင်ဆင်ပေးမည်ဖြစ်ပြီး လိုအပ်ပါက အောင်စာရင်းကိုပါ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment