ပြဿနာတစ်ခုတွေ့တိုင်း ငွေချေးပြီး ဖြေရှင်းရန် မစဉ်းစားဘဲ တတ်နိုင်သမျှ ဦးနှောက်ကို အားကိုးပြီး ဖြေရှင်းရန် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက အကြံပြုပြောဆိုသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းများဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန် ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေးနှင့် စပ် လျဉ်း၍ ဧပြီ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးရာ ၎င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
''ပြဿနာတစ်ခုတွေ့တိုင်း ငွေချေးပြီး ဖြေရှင်းဖို့ ချည်း မစဉ်းစားဘဲ နိုင်ငံဆင်းရဲနေချိန်မှာ မိမိရဲ့ နောင်မျိုး ဆက်တွေ အကြွေးနွံထဲက ရုန်းထွက်နိုင်အောင် တတ်နိုင် သမျှ မိမိရဲ့ဦးနှောက်ကို အားကိုးပြီး၊ အားထုတ်ပြီး ဖြေရှင်း ပေးကြပါ''ဟု ဦးမျိုးဝင်းက ပြောဆိုသည်။
ဂျပန်နိုင်ငံ JICA ထံမှ ချေးယူမည့် ချေးငွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က သုံးစွဲမည်ဖြစ်ပြီး ချေးငွေ၏ ၈၅ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကမြို့ပြ ဖွံ့ဖြိုးရေးနှင့် မိလ္လာကဏ္ဍတို့အတွက် သုံးစွဲမည်ဖြစ်ကာကျန်ရှိနေသည့် ၁၅ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုးတက်ရေးကဏ္ဍတွင် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ ချေးငွေပမာဏ ယန်း ၈၂ ဒသမ ၂၇၃ ဘီလီ
ယံသည် အမေရိကန်ဒေါ်လာ သန်း ၇၄၀ ခန့်ရှိပြီး မြန်မာငွေကျပ် ဘီလီယံ ၁၁၀၀ ကျော်ရှိကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။
''ကိုယ့်မှာ ငွေမရှိလို့ သူများဆီ ငွေချေးပြီး လုပ်မယ့်လုပ်ငန်းက ပစ္စည်းအရဖြစ်စေ၊ နည်းပညာအရဖြစ်စေ၊ကိုယ့်မှာ ငွေကလည်းမရှိ၊ မလုပ်လို့ကလည်းမဖြစ်တော့ဆိုတဲ့ အခြေအနေမျိုးကလွဲပြီး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်အင်ကိုယ့်အားနဲ့ ကိုယ်နိုင်သလောက်ကိုအကောင်းဆုံးဖြစ်အောင်စဉ်းစားပြီး လုပ်ကိုင်ကြမှသာကိုယ့်ရဲ့သားသမီး၊ မြေး၊ မြစ်တွေ မမွေးခင် အကြွေးတင်ခြင်းက သက်သာရာရမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ချေးငွေကိုရန်ကုန်မြို့မိလ္လာပန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းအတွက်ဂျပန်ယန်း ၄၅ ဒသမ ၉၀၀ ဘီလီယံ၊ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွက် ဂျပန်ယန်း ၂၄ ဒသမ၀၈၅ ဘီလီယံနှင့် မြို့ပြ ဧရိယာဓာတ်အားဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းအတွက် ဂျပန် ယန်း ၁၂ ဒသမ၂၈၈ ဘီလီယံကို အသုံးပြုမည်ဖြစ်ပြီး စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့က အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
''လက်ရှိ Run နေဆဲ မိလ္လာစနစ်က လုံးဝအသုံးပြု၍ လုံးဝသုံးမရတော့လို့လား။ ပြုပြင်ပြီး Upgradeလုပ်လို့မရနိုင်တော့ဘူးလား။ ဒီနိုင်ငံအတွက် အသင့်တော်ဆုံးနည်းလမ်းကို ပညာရှင်ဆိုသူတွေ တွက်ချက်စဉ်းစားကြည့်ကြစေလိုပါတယ်။ တခြားနည်းမရှိတော့ဘူး။ဒီတိုင်းမရတော့ဘူးဆိုမှ ခုချေးငွေကို ရယူစေလိုပါတယ်''ဟု ဦးမျိုးဝင်းက ပြောဆိုသည်။ မွန်ပြည်နယ်တစ်ခုလုံး၏ခြောက်နှစ်စာ သာမန်ငွေလုံးငွေရင်းစုစုပေါင်း အသုံးစရိတ်နှင့်ညီမျှသည့် ငွေပမာဏ ဘီလီယံ ၆၀၀ ကျော်ကိုမိလ္လာကိစ္စအတွက် သုံးမည့်ကိစ္စအပေါ် ပြောစရာစကားမရှိအောင် မှင်တက်မိကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက်သုံးစွဲမည့်ငွေသည် အမေရိကန်ဒေါ်လာ ၂၁၆ သန်း၊မြန်မာငွေကျပ် ဘီလီယံ ၃၃၀ နီးပါးဖြစ်သောကြောင့်အဆိုပါစီမံကိန်းတွင် ပါဝင်သည့် လုပ်ငန်း များကိုကြည့်၍မေးစရာမေးခွန်း ဖြစ်ပေါ်လာကြောင်း ဦးမျိုးဝင်းကပြောဆိုသည်။
''ဒီလုပ်ငန်းတွေဟာ နိုင်ငံခြားကနေ ငွေမချေးရင်လုပ်လို့မရတော့ဘူးတဲ့လား။ လုပ်ငန်းတွေကို ကြည့်တဲ့အခါ ရေကြီးရေလျှံမှု လျော့နည်းစေဖို့အတွက် ရေဆွဲကောင်းအောင် မြို့နယ်လေးခုက ချောင်းတွေမှာမြေထိန်းနံရံတည်ဆောက်ဖို့၊ ရေထိန်းတံခါး၊ ရေမြောင်းတွေ၊တံတားတွေလုပ်ဖို့ ဖြစ်ပါတယ်။ ကျန်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေ မှာတော့ သူ့ပြည်နယ်အလိုက် ဘတ်ဂျက်ခွဲတမ်းလေးနဲ့ပဲ ဒါတွေကို နိုင်သလောက် နှစ်အလိုက် လုပ်နေကြရတာဖြစ်ပါတယ်။ ရန်ကုန်ဆို တာ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ၀င်ငွေအများဆုံးဖြစ်ပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တာနဲ့အညီ အခွန်ရတာများသလို ပြည်ထောင်စုရဲ့ ဝေစုကိုလည်း အများဆုံးရတာ ဖြစ်ပါတယ်။ဒါကြောင့် ၂၀၁၈- ၂၀၁၉ အသုံးစရိတ်ကို ဘီလီယံ ၆၅၀ကျော် လျာထားတာ တွေ့ရပါတယ်။ ဒုတိယအများဆုံးမန္တလေးတိုင်းဟာ သူ့ရဲ့တစ်ဝက်တောင်မသုံးရရှာပါဘူး''ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြည်သူများအမှတ်ပေးကြရာ လူများ၏စီမံခန့်ခွဲနိုင်မှုသည် ပိုအရေးကြီးသည်ကို မြင်မိကြောင်းဦးမျိုးဝင်းက ပြောဆိုသည်။ ''ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို နှစ်ဘီလီယံလောက်တောင် အကုန်ခံလုပ်ခဲ့ပြီး ဒါကျမှ ဘာကြောင့် ငွေချေးပြီးလုပ်ရတာလည်းဆိုတာ စဉ်းစားမရဘူး။ ဒုတိယနဲ့ တတိယအချက်က ယာဉ်ကြောကျပ်တာ ဖြေရှင်းဖို့နဲ့ ရန်ကုန်မြို့ကို တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတကာရဲ့ မြို့ပြတွေလို ရုပ်ဝတ္ထုပစ္စည်း အဆင်တန်ဆာတွေနဲ့ မြို့ကို မြို့အင်္ဂါတွေနဲ့ အလှဆင်မှာ ဖြစ်ပါတယ်။ကိုယ့်အိုးနဲ့ ကိုယ့်ဆန် ချိန်ဆကြစေလိုပါတယ်။ ကျူထရံကာ၊ ဖက်မိုးအိမ်မှာနေပြီး ဘေးနားက တိုက်အိမ်ကိုအားကျနေလို့မရပါဘူး။ ကိုယ့်အိမ်မှာ အပေါက်ဗရပွနဲ့ပါ''ဟု ၎င်းက ပြောဆိုသည်။
နောက်ဆုံးတင်သွင်းထားသည့် ကြွေးမြီဆိုင်ရာအစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီးက ချေးယူထားသည့် ပြည်ပကြွေးမြီပမာဏမှာ အမေရိကန် ဒေါ်လာ၅၆၄ ဒသမ ၆ သန်းရှိနေပြီး အမှန်တကယ်ထုတ်ယူသုံးစွဲနိုင်မှုသည် ၂၁သန်းခန့်သာရှိသောကြောင့် ချေးငွေရယူဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုချင်းစီ၏ အခြေအနေ အစီရင်ခံစာ ဖော်ပြချက်များကို စုစည်းတင်ပြပေးရန် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က တောင်းဆိုခဲ့သည်။
''ရန်ကုန်တိုင်းမှာရှိတဲ့ ချေးငွေတော်တော်များများဟာ ကျွန်တော်တို့ အယူအဆအရဆိုရင် ချေးငွေတွေကအိုဗာဖြစ်နေပြီ။ ပရောဂျက်အိုဗာလက် တော်တော်များများလောက်ဖြစ်နေပြီ။ အဲဒီတော့ ကျွန်တော်တို့ဝန်ကြီးဌာန ပြန်ရှင်းတဲ့နေရာမှာ ရန်ကုန်တိုင်းရဲ့ ၅၆၄ဒသမ ၆ သန်းမှာ ပရောဂျက်တစ်ခုအလိုက် ခေါင်းစဉ်နဲ့ဘာကြောင့် ချေးတယ်။ ဘတ်ဂျက် ဘယ်လောက်သုံးထားတယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်'' ဟု ၎င်းကပြောဆိုသည်။
ထို့ပြင် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးနှင့် ရန်ကုန်မြို့ မိလ္လာစနစ်ကဏ္ဍတို့အတွက် ချေးယူမည့် ချေးငွေပမာဏသည်အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ခု၏ စုစုပေါင်းအသုံးစရိတ်ထက် ပိုမိုများပြားနေသောကြောင့် ထောက်ပြပြောဆိုစရာ ဖြစ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြောဆိုခဲ့သည်။
ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များမှာဆိုင်းငံ့ကာလ (၁၀) နှစ် ၊ ပြန်ဆပ်ကာလ နှစ်(၃၀)ဖြစ်သောကြောင့် စုစုပေါင်းချေးငွေသက်တမ်းမှာ နှစ် (၄၀)ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် သုညဒသမ ၀၁ ရာခိုင်နှုန်းဖြစ်သောကြောင့် ချေးငွေ၏ Grant Elementတွက်ချက်ရာတွင် ၆၉ ဒသမ ၂၁ ရာခိုင်နှုန်းဖြစ်သဖြင့် သက်သာမှုရှိသောချေးငွေ (Concessional Loan) ဖြစ်ကြောင်း သိရသည်။
သတင်း - မင်းမင်းထွန်း
ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်
The Standard Time Daily
0 comments:
Post a Comment