Tuesday, June 25, 2019

ကြားဖြတ်သန်းခေါင်စာရင်း ယခုနှစ် နိုဝင်ဘာတွင် ကောက်ယူမည်


မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ ဖြိုး တိုးတက်ရေး (MSDP:_ Myanmar Sustainable Development Plan) အကောင်အထည်ဖော်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ ၂၀၃၀ အစီအစဉ် အတွက် လိုအပ်နေသည့် အညွှန်းကိန်းများ ရရှိစေရန် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် နိုဝင်ဘာလ၌ စတင်ဆောင်ရွက်မည်ဟုအလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့  ပြောကြားခဲ့သည်။ 
“စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေဟာ ပြောင်းလဲလာတဲ့ လက်ရှိ အခြေအနေ တွေကို ကိုယ်စားပြုနိုင်ဖို့  လိုပါတယ်၊ ဒါကြောင့် ဆယ်နှစ် တစ်ကြိမ် ကောက်ယူတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို လက်ရှိအခြေအနေနဲ့  ကွာဟမှု မရှိစေရေးနဲ့  ပြောင်းလဲမှုကို သိရှိနိုင်ရေး အတွက် ကမ္ဘာ့နိုင်ငံများမှာ ဆောင်ရွက်နေတဲ့ အတွေ့ အကြုံတွေကို လေ့လာ သုံးသပ်ပြီး ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူပြီး ငါးနှစ်အကြာဖြစ်တဲ့ အခု ၂၀၁၉ နိုဝင်ဘာလမှာ ကြားဖြတ် သန်းခေါင် စာရင်းကောက်ယူနိုင်ရေး စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ၀န်ကြီးက ရှင်းပြခဲ့သည်။ 
သန်းခေါင်စာရင်း ကောက်ကွက် အရွယ်အစား သတ်မှတ်ခြင်း၊ မြေပုံ ရေးဆွဲခြင်းနှင့် update ပြုလုပ်ခြင်းတို့ ကို ၂၀၁၄ ခုနှစ် ကောက်ကွက် မြေပုံများအား အခြေခံပြီး ပြည်သူ့  အင်အား ရုံးချုပ်ရှိ Google Map, GIS Technology ဖြင့် ကောက်ကွက် digitize map များထုတ်လုပ်ခြင်း၊ မြေပြင်နှင့် တိုက်ဆိုင် စစ်ဆေးခြင်းတို့ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့ တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်ရှိ၌ ကယား၊ မွန်နှင့် ကချင်ပြည်နယ်တို့ တွင် ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း၊ 
ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် မေးခွန်းလွှာ(မူကြမ်း)ကို ကမ္ဘာ့ကုလ သမဂ္ဂက ထုတ်ဝေထားသည့် Principles and Recommendation for Population and Housing Census _ Revision 3 ကို မှီငြမ်း ကိုးကားပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မေးခွန်းလွှာကို အခြေခံ ပြုစုခဲ့ရာ စာရင်းအချက်အလက် အသုံးပြုသည့် ဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ထည့်သွင်း ကောက်ယူလိုသည့် အကြောင်းအရာ၊ အချက်အလက်များနှင့် သဘောထား မှတ်ချက်များကို တောင်းခံပြီး ပြုစုထားခြင်း ဖြစ်ကြောင်း၊ ယနေ့  အလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်လာသူတို့ ၏ ဆွေးနွေးချက်များအရ ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာ တွင်လည်း ၂၀၁၄ တုန်းကကဲ့သို့  မေးခွန်းစာရွက်များနှင့် manual ကောက်ယူခြင်းမျိုး မဟုတ်ဘဲ mobile tablets များ သုံးပြီး ကွန်ပျူတာ အခြေပြု လူတစ်ဦးချင်းအင်တာဗျူးသည့် စနစ်(CAPI:_ Computer Assisted Personal Interviewing) နည်းဖြင့် ကောက်ယူသွားမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။ 
ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ ဖြိုး တိုးတက်မှု မိတ်ဖက် အဖွဲ့ အစည်းများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ စာရင်းအင်း အချက်အလက် အသုံးပြုသူများ တက်ရောက်ခဲ့ကြသော ယနေ့  ဆွေးနွေးပွဲ၌ မေးခွန်းပုံစံပါ အညွှန်းများအား တင်ပြ ဆွေးနွေးခြင်း၊ မေးခွန်း ပုံစံများကို အပိုင်းလိုက်တင်ပြခြင်း၊ အဖွဲ့ များ ဖွဲ့ ၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည်ဟု သိရသည်။
(Xinhua)

0 comments:

Post a Comment