Sunday, June 30, 2019

တပ်မတော်၏ အပစ်ရပ်ကာလ နှစ်လထပ်မံသက်တမ်းတိုး တိုင်းရင်းသားအဖွဲ့များ ငြိမ်းချမ်းရေးကို ယုံကြည်မှုအပြည့်ဖြင့် ပိုမိုဆောင်ရွက်နိုင်ရန်ရည်ရွယ်ဟုဆို


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေတွင် တပ်မတော်က တစ်ဖက်သတ်ကြေညာထားသည့် အပစ်အခတ်ရပ်စဲရေးကို ယခုနှစ် သြဂုတ်လကုန်အထိ နှစ်လထပ်မံ သက်တမ်းတိုးမြှင့် ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ 
တပ်မတော်က စစ်တိုင်းငါးခု ၌ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှယခုနှစ် ဧပြီ ၃၀ ရက်အထိ ပထမအကြိမ် တစ်ဖက်သတ်အပစ်ရပ်စဲ ကြောင်း ကြေညာခဲ့ပြီး ဧပြီ ၃၀ ရက်တွင် ဇွန်လကုန်အထိ နှစ်လကြာ သက်တမ်းတိုးကာ ဇွန်လ၃၀ ရက်၌ ထပ်မံ၍ နှစ်လသက် တမ်းတိုးခြင်းဖြစ်ရာ စုစုပေါင်း တပ်မတော်၏ အပစ်ရပ်ကာလ ရှစ်လကျော်ရှိမည်ဖြစ်သည်။ 
စစ်ရေးဆိုင်ရာ လှုပ်ရှားမှု များကို ရပ်ဆိုင်းပေးထားသည့် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေး နွေး ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းကဲ့သို့ အခြေ အနေမျိုးတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူ များ၏ ငြိမ်းချမ်းရေးအပေါ် မျှော် လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံးငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် သြဂုတ် ၃၁ ရက် အထိ တိုးမြှင့်၍ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။ 
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ များ ဆွေးနွေးနိုင်ရန် ရည်ရွယ်ပြီး တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။ အထူး သဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်း ရင်းသားအဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေး ညှိနှိုင်းရန်ဖြစ် သည်။ 
လက်ရှိတွင် အစိုးရဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်အဖွဲ့ (KIO)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) မြောက်ပိုင်းလက်နက်ကိုင် လေး ဖွဲ့အကြား အပစ်ရပ်စဲရေး ဆောင်ရွက်ရန် ညှိနှိုင်းမှုများရှိခဲ့သော် လည်း လွန်ခဲ့သည့် နှစ်လအတွင်း ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိ ပေ။ 
ယခု ထပ်မံတိုးမြှင့်ခဲ့သည့် ကာလအတွင်း ဆွေးနွေးမှုများမကြာခဏလုပ်ဆောင်ရန် လိုအပ် ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။ 
‘‘အဲဒီလိုဆောင်ရွက်မှလည်း တစ်ယောက်နဲ့တစ်ယောက် ယုံ ကြည်မှု ပိုမိုခိုင်မာလာမှာ ဖြစ်ပါ တယ်။ ပြီးရင် ထာဝရငြိမ်းချမ်းရေးဆိုတာလည်း တွေ့ဆုံဆွေးနွေး ရေးကနေ သွားမယ်လို့ ပြောထား တာဖြစ်တာဖြစ်တဲ့အတွက် ဒါတွေစဉ်ဆက်မပြတ် အကောင်အ ထည်ဖော်ဖို့ လိုပါလိမ့်မယ်ဗျ’’ဟု ၎င်းကဆိုသည်။ 
အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ် ဦးလှ မောင်ရွှေက ‘‘ဒီကြားထဲမှာ ကျွန်တော်တို့ Bilateral တွေ ထိုးနိုင် ဖို့၊ NCA တွေ ထိုးနိုင်ဖို့ကို ထပ်ပြီးကြိုးစားဖို့တော့ ထပ်ပြီး အချိန်နှစ်လရသွားတာပေါ့’’ဟု တပ်မတော် ၏ အပစ်ရပ်သက်တမ်းတိုးမြှင့်မှု အပေါ် မှတ်ချက်ပြုသည်။ 
တစ်ဖက်တွင် တပ်မတော် နှင့် ရခိုင်အဖွဲ့ (AA)၊ တအာင်း အဖွဲ့ (TNLA)တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။အထူးသဖြင့် အပစ်ရပ်နယ်မြေ တွင် မပါဝင်သော ရခိုင်ဒေသတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်စွာ မကြာခဏ ဖြစ်ပွားနေသည်မှာ ခြောက်လကျော်ရှိပြီဖြစ်သည်။ 
တပ်မတော်၏ အပစ်ရပ် ကြေညာမှု သက်တမ်းနှစ်လတိုး မြှင့်ခြင်းနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ‘‘ရခိုင် ဒေသထဲမှာ နောက်ထပ် နှစ်လအပြင်းအထန် စစ်ဆင်ရေးလုပ်ဦးမယ်ဆိုတဲ့ သဘောမျိုးတွေ့ရတာ ပေါ့။ ဘာဖြစ်လို့လဲဆိုရင် မြေပြင်မှာလည်းပဲ စစ်တပ်ဘက်က လူ အင်အား၊ လက်နက်အင်အားတွေ အများကြီးဖြည့်တင်းနေတာ တွေ့ရတယ်။ ဒီရက်ပိုင်းမှာ’’ဟု ပြော သည်။ 
တပ်မတော်ကမူ AA အဖွဲ့သည် ကချင်ပြည်နယ် KIA နယ်မြေတွင် ဖွဲ့စည်းတည်ထောင် သည့်အဖွဲ့ဖြစ်ကြောင်း၊ AA အဖွဲ့ရခိုင်ပြည်နယ်အတွင်း အခြေပြု ခြင်းကို လက်မခံကြောင်း ပြော ကြားထားသည်။ 
တပ်မတော်၏ အပစ်ရပ် ကာလများအတွင်း AA မှအပ ကျန်သည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားမှု ယခင်ကထက် သိသာစွာ လျှော့ချနိုင်ခဲ့သည်။ 
ကချင်အဖွဲ့ (KIO/KIA) အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကမူ ငြိမ်းချမ်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တပ်မတော် ဘက်က တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေး ကြေညာပေးသင့်သည်ဟု ပြောကြားထားသည်။

7Day

0 comments:

Post a Comment