Thursday, June 27, 2019

လက်ရှိ ပြောင်းလဲလိုက်သည့် လျှပ်စစ်နှုန်းထားသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရေရှည်တွင် အဆင်ပြေနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောဆို


လက်ရှိ ပြောင်းလဲလိုက်သည့် လျှပ်စစ်နှုန်းထားသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ရေရှည်တွင် အဆင်ပြေနိုင်လိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ 
ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၌ ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
‘ကျွန်တော်တို့ အခု ပြုပြင်ပြောင်းလဲလိုက်တဲ့ အခြေအနေမှာ ချက်ချင်းကြီး တည်ငြိမ်မှုရနိုင်တဲ့ လျှပ်စစ်ကိုမပေးနိုင်ပေမယ့် တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည်လောက်မှာ လုံးဝတည်ငြိမ်မှုတစ်ခုကို ရသွားမယ်ဆိုရင်၊ မြန်မာနိုင်ငံမှာ လျှပ်စစ်ကို အစိုးရကပေးတဲ့နှုန်းထားနဲ့ ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ အဆင်ပြေနိုင်မယ့် ထုတ်ကုန်တွေကို ပိုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါဟာလက်တွေ့အလုပ်လုပ်နေတဲ့ Investor တွေရဲ့ အခက်အခဲကို ကျွန်တော်တို့လည်း ကြားသိနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေလေးကတော့ ရင်းနှီးမြှုပ်နှံသူတွေ လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်’ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။ ယခု NLD အစိုးရသက်တမ်းသုံးနှစ်အတွင်း လျှပ်စစ်မီတာခနှုန်းထားများ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ဇွန် ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။ 
ထိုကဲ့သို့ မီတာခနှုန်းထား ပြင်ဆင်ရန်အတွက် ဧပြီလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ 
‘ဒီဘက် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနဘက်ကလည်း ပြုပြင်ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန်နဲ့ ပိုပြီးဆောင်ရွက်လာနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆို လျှပ်စစ်ကနေ တိုးရလာမယ့်အပေါ်ကနေမူတည်ပြီး သူတို့ဘက်ကနေ Investor တွေကိုခေါ်ပြီး အမြန်ဆုံးကာလတို၊ ကာလလတ်၊ ကာလရှည် ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်’ ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောဆိုသည်။ 
NLD အစိုးရ တာဝန်ယူချိန်မှစ၍ သုံးနှစ်မြောက်ဖြစ်သည့် ယခုနှစ်နွေရာသီတွင် ဓာတ်အားမလုံလောက်မှုများ နိုင်ငံတစ်ဝန်း ပိုမိုဖြစ်ပေါ်ခဲ့ပြီးနောက် ဓာတ်အားထုတ်လုပ်မှု စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ဓာတ်အားခတိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်း/ဓာတ်ပုံ – စိုးစိုးစံ
The Standard Time Daily 

0 comments:

Post a Comment