Sunday, June 30, 2019

နိုင်ငံသားများ၏ မူလအခွင့်အရေးရရှိအောင်မလုပ်ပေးနိုင်ပါက ဒီမိုကရေစီအရေး ဖြစ်မလာနိုင်ဟု သူရဦးရွှေမန်းပြော


မြန်မာနိုင်ငံတွင် နိုင်ငံသားများမူလအခွင့်အရေးမရရှိပါက လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး မဖြစ်လာနိုင်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောလိုက်သည်။ 
ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ဇွန်လ၂၉ ရက်ကကျင်းပသော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာတကယ့်ကိုလိုအပ်နေတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးရရှိအောင် အဓိကလုပ်ဖို့လိုပါတယ်။ နိုင်ငံသားများရဲ့မူလအခွင့်အရေးမရရှိဘဲနဲ့ ဒီကနေ့ပြောနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံသားများရဲ့ မူလအခွင့်အရေးကိုရရှိအောင် ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းကပြောသည်။ 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊အခန်း- ၈ နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးများနှင့်တာဝန်များ ပုဒ်မ- ၃၇၄ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆိုဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရှိစေရမည်။ထို့အပြင် ဥပဒေ၏အကာအကွယ်ကိုလည်းတန်းတူညီမျှစွာရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိသည်။ 
ပုဒ်မ- ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါးအသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရဟု ဖော်ပြထားသည်။ 

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment