Sunday, June 30, 2019

တရုတ်ခရီးသွားများကို ထိန်းချုပ်ရန် တရုတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထား


Zero ဒေါ်လာဖြင့် လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်များကို ထိန်းချုပ်ရန်အတွက် တရုတ်စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
အဆိုပါ အဖွဲ့အစည်းကို ဝန်ကြီးဌာနမှ ဦးဆောင်၍ ဖွဲ့စည်းထားပြီး လိုင်စင်မဲ့ဝင်ရောက်လာသည့် ခရီးသွားများကို ဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည်။ 
၂၀၁၈ ခုနှစ် အောက်တိုဘာ တစ်ရက်မှစ၍ ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံကို ဗီဇာဖြေလျှော့ပေးပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံမှ ခရီးသွားဧည့်သည်များ အများအပြား ဝင်ရောက်လာပြီး Zero ဒေါ်လာဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ အများဆုံးဖြစ်နေကြောင်း သိရသည်။ 
“ဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ တရုတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်။ zero ဒေါ်လာနဲ့ ဝင်လာတဲ့ တရုတ်ခရီးသွား ဧည့်သည်တွေကို ထိရောက်စွာ ထိန်းချုပ်ဖို့လိုတယ်။ အရေးယူဖို့လိုတယ်။ ဗီဇာဖြေလျှော့ပေးပြီးနောက်ပိုင်းမှာ တရုတ်ခရီးသွား တွေက အုံနဲ့ကျင်းနဲ့ ဝင်လာတာ။ ဒါကို ထိန်းချုပ်ဖို့လိုတယ်။ ဗီဇာကြေးပဲရပြီး ဝင်ငွေတွေက သူ့နိုင်ငံထဲ ပြန်ဝင်နေတယ်။ နိုင်ငံ တော်အနေနဲ့ ကြည့်မယ်ဆိုရင် ဘဏ္ဍာငွေဆုံးရှုံးတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးသက်လွင်တိုး က ပြောသည်။ 
မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း အေဂျင်စီအများစုသည် တရုတ်နိုင်ငံသားများပိုင်ဖြစ်ပြီး ၉၉ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံမှ တိုက်ရိုက်လုပ်ဆောင်နေကြောင်း သိရသည်။ 
“ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာဆိုရင် တရုတ်ခရီးသွားဧည့်သည်ဝင်တာ အရမ်းများတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ဧည့် အဝင်များလာသလို ဝင်ငွေအနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်။ ဒါကို အစိုးရအနေနဲ့ သေချာစီစဉ် ကြီးကြပ်ပေးဖို့လိုတယ်။ သူတို့ကလာတယ်။ သူတို့မစီစဉ်နိုင်တဲ့ ဟိုတယ်တွေ၊ ကားတွေလောက်သာ စီစဉ်ပေးရတာ။ ငွေကိုမသုံး ချင်ဘူး။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း စီးပွားရေးတွေ နည်းနည်းဆုတ်ယုတ်လာတယ်”ဟု A.M Star Travel & Tour မှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ဖြူဖွေးသန့်က ပြောသည်။ 
လက်ရှိတွင် တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ သုံးသိန်းကျော် ဝင်ရောက်နေပြီဖြစ်ပြီး Zero ဘတ်ဂျက်ဖြင့် တရုတ်ခရီး သွား ဧည့်သည်များကို တွေ့ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

စုသက်နှင်း ( အကုန်သိသတင်းဌာန )

0 comments:

Post a Comment