Wednesday, June 26, 2019

စိန်ဖူးတော်များ လှည့်လည်ခိုးယူနေသူကို သာယာဝတီတွင် ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ဇွန် ၂၆ ရက်နေ့က စိန်ဖူးတော်များ လှည့်လည်ခိုးယူနေသော အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
စိန်ဖူးတော် ၇၆ လုံးနှင့်အတူ ဖမ်းမိခဲ့သူ အောင်အောင် (ခ) သန်းထိုက် (၃၅) နှစ်မှာ ကျောက်ပန်းတောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး သာယာဝတီမြို့နယ်အတွင်း မှိန်းကိုင်ဆောင်၍ သွားလာနေသောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ ၎င်း၏ ရှမ်းလွယ်အိတ်ထဲမှ စိန်ဖူးတော်များနှင့်အတူ ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

“စစ်ဆေးချက်အရ ဒီလူက မြောင်းမြကနေ လက်ပံတန်းအထိ သူသွားလာခဲ့လမ်းတစ်လျှောက်က စေတီတွေမှာ ရှိတဲ့ စိန်ဖူးတော်တွေကို ခိုးယူခဲ့တာလို့ သိရတယ်။ သိုက်ဆရာတော့ မဟုတ်ပါဘူး”ဟု နယ်ထိန်းအရာရှိ ဒုရဲအုပ် အောင်မိုးဦးက ပြောသည်။ 

အောင်အောင် (ခ) သန်းထိုက်ကို လက်ရှိ လက်ပံတန်းမြို့မ ရဲစခန်းမှ ရန်ကုန်-ပြည်လမ်းဘေးရှိ ချမ်းသာကုန်း ကျောင်းတိုက် ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းရှိ တည်ထားကိုးကွယ်သော စေတီတော်မှ စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

နယ်လှည့်၍ စိန်ဖူးတော်များ ခိုးယူခဲ့သော အောင်အောင် (ခ) သန်းထိုက်ထံမှ မှိန်းတစ်ချောင်း၊ ဓားတစ်လက်နှင့် ၎င်း၏ လွယ်အိတ်အတွင်းမှ စိန်ဖူးတော် ၇၆ လုံး၊ ငွေဖလားများနှင့် ငွေပန်းအိုးများနှင့် ဂွမျိုးစုံ၊ လျှပ်စစ် မီးကြိုးခွေများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

The Voice

0 comments:

Post a Comment