Thursday, June 27, 2019

ရနောင်းလူသတ်မှုတွင် ဖမ်းဆီးထောင်ချခံနေရသည့် မြန်မာလူငယ် ၂ ဦး လွတ်မြောက်


ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က အထက်တန်းကျောင်းသူ မိန်းကလေး၁ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာအလုပ်သမားလူငယ် ၂ ဦးဟာ အယူခံအောင်သွားပြီး ဒီကနေ့ လွတ်မြောက်လာပါတယ်။ 
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ခံထားရတဲ့ စိန်ဂတုံး နဲ့ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ခံထားရတဲ့ ဝေလင်း (ခေါ်) ဇော်လေး တို့ နှစ်ဦး လွတ်မြောက်ရေးအတွက် တိုင်းဒေသအမှတ် – ၈ တရားရုံးကို အယူခံ တင်ထားရာမှာ တရားသူကြီးက အယူခံအောင်ကြောင်း ယမန်နေ့က အမိန့်ချမှတ်လိုက်တာပါ။ 
ဒီမနက်မှာတော့ မြန်မာလူငယ် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သူတို့ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FEDရဲ့ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ 
“ မနေ့တုန်းက တရားရုံးက စီရင်ချက်ချတယ်။ သူတို့အယူခံကို အတည်ပြုပေးတာပေါ့ဗျာ။ လက်ခံတယ်ဆိုတဲ့အကြောင်းပေါ့။ ပြီးတော့ လွှတ်ပေးလိုက်တယ်၊ ကနေ့မနက်အစောကြီး လ၀ကရဲလက်ကို ပို့ပေးလိုက်တယ်။ လုပ်ထုံးလုပ်နည်းအရ ထိုင်းလ၀က ရဲကနေ မြန်မာဘက်ကို တရားဝင်လွှဲပြောင်းပေးမှာပါ။ မနေ့က တရားရုံးမှာ စီရင်ချက်ချတာ ဘယ်သူမှမသိလိုက်ဘူ။ ရှေ့နေတွေတောင်မသိဘူး။ ကနေ့မနက်မှ လ၀ကကိုလွှဲပေး လိုက်တယ်ဆိုတာသိရတယ်၊ ဘာဘဲဖြစ်ဖြစ် လွှတ်ပေးတယ်ဆိုတော့လည်း ၀မ်းသာပါတယ်ခင်ဗျ” 
အခုလိုလွတ်မြောက်လာရတာဟာ သူတို့နဲ့အတူလူငယ်တွေရဲ့ မိဘအုပ်ထိန်းသူတွေ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်ရှင်နဲ့ ထိုင်းရှေ့နေများကောင်စီစတဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့်ဖြစ်သလို ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က လည်း ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 
ရနောင်းမြို့က အသက် ၁၉ နှစ်ရွယ် အထက်တန်းကျောင်းသူ နောင့်အက်ပဲလ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက နေအိမ်ကနေ လမ်းထိပ်သို့ထွက်လာစဉ် ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးခဲ့ရတာပါ။ 
အခင်းဖြစ်ပွားချိန်မှာ လူငယ်တစုက ဘုန်းကြီးကျောင်းလမ်းကြားထဲပြေးဝင်ပြီး မြန်မာစကား တွေပါ ပြောဆိုသံကြားတယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုတဲ့အတွက် အဲဒီအနီးတ၀ိုက်က မြန်မာအလုပ်သမားလူငယ်တချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ၄ ဦးကို လူသတ်မှုနဲ့ ပြစ်ဒ ဏ်တွေချမှတ်ခဲ့ပါတယ်။ 
ဒါပေမယ့် လူငယ်တွေဟာ အမှုကို အမှန်တကယ်ကျူးလွန်ခြင်းမရှိဘဲ မတရား စွပ်စွဲဖမ်းဆီးခံထားရကြောင်း မိဘတွေက လာရောက်အကူအညီတောင်းထားသလို မကျူးလွန်ဘူးဆိုတာကို လေ့လာသိရှိရတဲ့အတွက် FED အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးနေတာ ဖြစ်ပါတယ်။ 
ပြစ်ဒဏ်ခံရတဲ့ လူငယ် ၄ ဦးအနက် မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ နှစ်ဦးမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေဖြစ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လွတ်မြောက်ခဲ့ပါတယ်။ 
၂၀၁၄ ခုနှစ်ကလည်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကတော့ ထိုင်းတရားရုံးချုပ်မှာ အယူခံတင်ထားပေမယ့် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

DVB

0 comments:

Post a Comment