Sunday, June 30, 2019

မြန်မာပို့ကုန်များ နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည်ဆိုပါက တစ်ဦးလျှင် တစ်နေ့ ယွမ် ၈၀၀၀ တန်ဖိုးအထိသာတင်ပို့ခွင့်ပြုရန် တရုတ်နိုင်ငံက သတ်မှတ်ထား


မြန်မာပို့ကုန်များ နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လူတစ်ဦးလျှင် တစ်နေ့ ယွမ် ၈၀၀၀ တန်ဖိုး အထိသာ တင်ပို့ခွင့်ပြုရန် တရုတ်နိုင်ငံက သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ 
ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများလယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“တရုတ်နိုင်ငံကို တင်ပို့တဲ့အခါမှာ သုံးပိုင်းဆောင်ရွက်လို့ ရပါတယ်။ တစ်ပိုင်းက နယ်စပ်ကုန်သွယ်ရေးက ပမာဏနည်းနည်းပဲ တင်ပို့လို့ရပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ တစ်ရက်ကို ယွမ် ၈၀၀၀ ဖိုးသာ တင်ပို့ခွင့်ပြုထားပါတယ်။ တစ်ယောက်ကိုပေါ့နော်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ 
မြန်မာနိုင်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်မှု၊ ကုန်စည် ဖလှယ်သည့်စနစ်နှင့် နှစ်နိုင်ငံ ကုန်စည်ရောင်းဝယ်မှု အဓိကနည်းလမ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
“နောက်တစ်ခုက ကုန်စည်ချင်း ဖလှယ်တဲ့စနစ်ပါ။ ဒါကတော့ နှစ်နိုင်ငံမြို့တော်ကြီးများအကြား မှာ ညီအစ်မမြို့တော်အဖြစ်လုပ်ပြီး တော့ ဒီကုန်သွယ်မှုတွေ ပြုလုပ်တာ ဖြစ်ပါ တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ဘက်က ရောင်းချင်တဲ့ကုန်စည်တွေရှိတယ်။ သူတို့ ဘက်က ရောင်းချင်တဲ့ကုန်စည်တွေ ရှိတယ်။ အဲဒါကို တန်ဖိုးသတ်မှတ် ပြီးတော့မှ တူညီတဲ့ ပမာဏကုန်စည်ဖလှယ်မှုကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီစနစ်ကို မကြာခင်က စတင်ပြီးတော့ ဆန်ရယ်၊ သကြား ရယ်တင်ပို့မှုတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ နှစ်နိုင်ငံကုန်သွယ်မှုဖြစ်ပါ တယ်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ ကုန်စည်ကို လွတ်လွတ်လပ်လပ် ရောင်းချလို့ရတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ 
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၁၄ ရက်အထိ ရှစ်လခွဲတွင် စုစုပေါင်း နယ်စပ်ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၇ ဒသမ ၃၂၁ ဘီလျံကျော် ရရှိခဲ့သည်။ 
ယခင်နှစ်ကာတူတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၄၃ ဘီလျံကျော်သာ ရရှိထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲတွင် နယ် စပ်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၉၇၈ ဒသမ ၅၃၄ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။ 
လက်ရှိဘဏ္ဍာနှစ် ရှစ်လခွဲ တွင် မြန်မာ-တရုတ် အဓိကနယ်စပ်ဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်စခန်းမှ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကျော် ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၇၃၀ ကျော် လျော့ကျခဲ့သည်။ 
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန် တင်ပို့မှုများ လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 
ထို့ပြင် မြန်မာ့ဆန်စပါးကဏ္ဍသည် နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် ပြည်ပတင်ပို့မှု ကျဆင်းနေကြောင်း၊ ယခုအခြေအနေသည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း မေ ၁၈ ရက်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ခဲ့သည်။ 
လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်ပသို့ ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၅၄၀,၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၈ ရာခိုင်နှုန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ 
မြန်မာနိုင်ငံအနေဖြင့် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်နှင့် ထန်တလန် စသည့် နယ်စပ်ကုန် သွယ်ရေးစခန်း ၁၇ ခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

Eleven Media Group

0 comments:

Post a Comment