Sunday, June 30, 2019

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၌ အချက်သုံးချက် ပြန်ပြင်ရန် သမ္မတအဆိုပြု ပြည်ခိုင်ဖြိုးဆန္ဒပြနေသည့် ကလေးမွေးစားခွင့်ကိစ္စမပါဝင်၊ နိုင်ငံရေးထိုးနှက်ချက်သာဖြစ်ဟု ဒီချုပ်သုံးသပ်

ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ဥပဒေတွင် အချက်သုံးချက် ပြန်ပြင်သင့်ကြောင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက် ပေးပို့ထားသော်လည်း ဆန္ဒပြ တောင်းဆိုမှုအချို့ ရှိနေသည့် ကလေးမွေးစားခွင့်ဆိုင်ရာကိစ္စ မပါဝင်ကြောင်း 7Day Daily သတင်းစာက စုံစမ်းသိရှိရသည်။ 
သမ္မတ၏ သဘောထားမှတ် ချက် အသေးစိတ်ကိုမူ ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိသေးသော် လည်း ဇူလိုင် ၁၅ ရက်တွင် ပြန် လည်စတင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကာလ အတွင်း ထည့်သွင်းဆွေးနွေးရန် ရှိကြောင်း အတည်ပြုချက်ကို 7Day Daily သတင်းစာက ရရှိ ထားသည်။ 
ဇွန်လ ၇ ရက်က အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီး လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံ ပေးပို့ရာ တွင် သမ္မတက ပြန်လည်ပြင်ဆင် ရန် အချက်အချို့ကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ ခြင်းဖြစ်သည်။ 
ပြည်ထောင်စုလွှတ်တော်၌ အတည်မပြုမီ ဆွေးနွေးစဉ်အတွင်း တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးဇော်ဝင်းဦးက ပြဋ္ဌာန်းချက်အချို့သည် နိုင်ငံသားမဟုတ်သော ဘင်္ဂါလီကလေးငယ်များကို နိုင်ငံသားဖြစ်ခွင့်ရ ထားသူ ဘင်္ဂါလီများက တရားဝင်မွေးစားခွင့် လွယ်ကူစွာရရှိသွားစေမည့် အခြေအနေဖြစ်နေသည်ဟူ သော ဆွေးနွေးချက်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုအချို့ ရှိနေခြင်းဖြစ်သည်။ 
ထို့အတူ ပြည်ထောင်စုလွှတ် တော်အတွင်း အာဏာရအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ အ တိုက်အခံပါတီအဖြစ် ရပ်တည်နေသော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကလည်း အဆို ပါ ဥပဒေပြဋ္ဌာန်းချက်အပေါ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့် ကွက်ဆန္ဒပြရန် စီစဉ်မည်ဟု ထုတ်ဖော်ပြောဆိုထားသကဲ့သို့ ဒေသအချို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ် သည်။ 
‘‘ကျွန်တော်တို့ တစ်ရက်ပြီး တစ်ရက် ဆန္ဒပြသွားဖို့ကို လုပ် သွားမှာပါ’’ဟု ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောသည်။ ထိုသို့ဆောင်ရွက်နေ သည့်ကြားမှ နိုင်ငံတော်သမ္မတ က အတည်ပြုလိုက်ပါက ဥပဒေကို ပြန်လည်စိစစ်ပြင်ဆင်သည့် မူကြမ်းတစ်ခုကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။ 
သို့သော် ‘‘ဒီလွှတ်တော်က ကျွန်တော်တို့ပါတီက အနိုင်ရ ထားတဲ့ လွှတ်တော်မဟုတ်ဘူး။ လက်ရှိအနိုင်ရထားတဲ့သူတွေက သူတို့စိတ်တိုင်းကျ လုပ်ထားတဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြင်ရင်လည်း အရာ ရောက်၊ မရောက်ဆိုတာကိုလည်း သုံးသပ်ဖို့လိုတယ်’’ဟု ဦးသိန်း ထွန်းဦးကဆိုသည်။ 
ဒီချုပ်ပါတီဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးလင်း (ပြည်ကြီးတံခွန် မဲဆန္ဒနယ်)ကမူ အဆိုပါ ဥပဒေကိစ္စ ပြည်ခိုင်ဖြိုးဆန္ဒပြမှုသည် နိုင်ငံရေး ထိုးနှက်ချက်သာဖြစ် ကြောင်း သုံးသပ်သည်။ 
‘‘ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာ ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲနဲ့ ဆန္ဒပြတယ်ဆို တာက နိုင်ငံရေးအရ ထိုးနှက် ချက်တစ်ခုပဲ’’ဟု ၎င်းက ဆိုသည်။ 
တပ်မတော်အစိုးရလက် ထက်က ပြဋ္ဌာန်းထားသည့် ၁၉၉၃ကလေးသူငယ်ဥပဒေတွင်လည်း မွေးစားခွင့်ဆိုသည့် ပုဒ်မပါရှိပြီးဖြစ်သဖြင့် ယခုပြင်ဆင်သည့် ဥပဒေတွင် ယင်းအချက်ပါဝင်ခြင်း မှာ အဆန်းတကြယ်မဟုတ်ဟု ဦးကျော်စိုးလင်းက ပြောသည်။ 
ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကလည်း ‘‘နိုင်ငံသား တွေနဲ့ အကျုံးဝင်အောင်ဆွဲထား တဲ့ကိစ္စပဲ။ အဲဒါကို သေချာမဖတ် ဘဲနဲ့ ကိုယ်လိုရာဆွဲလုပ်တာက အောင်မြင်မှာ မဟုတ်ဘူး။ အရေးပါမှာ မဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့ ထောက်ခံမှုရမှာ မဟုတ်ဘူး’’ဟု ပြောသည်။ 
ထိုသို့ ကလေးမွေးစားခွင့်ဆိုင်ရာ ဥပဒေပြင်ဆင်ချက် ကြောင့် အလွယ်တကူနိုင်ငံသား ဖြစ်ခွင့်ရမည်ဟု စွပ်စွဲနေခြင်းများ ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ငြင်းဆိုထား ပြီး နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ကိစ္စသည် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြုသည်။ 
‘‘ဒါ ဥပဒေနဲ့အညီ ဆောင် ရွက်တယ်ဆိုရင်တော့ ဒါတိုင်း ပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့ မရပါဘူး။ ဒါဟာ နိုင်ငံတကာမှာ လည်း ဆောင်ရွက်နေတယ်။ အခု လည်း ဆောင်ရွက်နေတယ်။ နောက် ကိစ္စတစ်ခုချင်းအလိုက် သက်ဆိုင်ရာ ဥပဒေများနဲ့အညီ စေ့စေ့စပ်စပ် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိပါ ဘူးလို့ ပြောချင်ပါတယ်’’ဟု ဇွန်လ၂၅ ရက်က နေပြည်တော်၌ မီဒီ ယာအချို့နှင့် တွေ့ဆုံစဉ် ဝန်ကြီး က ပြောထားသည်။

7Day

0 comments:

Post a Comment