Wednesday, June 26, 2019

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်လည်ပတ်မှုကို စောင့်ကြည့်လေ့လာ သုံးသပ်သည့်အဖွဲ့ စတင်ဖွဲ့စည်း



တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်မှုကို စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
အနောက်နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် အရှေ့မျှော်ဝါဒီအဖြစ် တရုတ်ခရီးသွားများကို ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာဖြေလျှော့မှု ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တရုတ်ခရီးသွားများ ဝင်ရာက်မှု များလာပြီး ခရီးစဉ်ဆောင်ရွက်မှုများ၊ ခရီးသွားလုပ်ငန်း အချက်အလက် ကောက်ယူခြင်းများ၊ ငွေကြေးသုံးစွဲမှု စိစစ်ခြင်းများနှင့် နိုင်ငံအကျိုးအမြတ် ရရှိရန် လေ့လာ သုံးသပ်ချက်များ စိစစ်ရန် လိုအပ်သည့်အတွက် အဆိုပါအဖွဲ့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း သိရသည်။ 
“ခရီးသွားတွေ ဝင်ရောက်မှုများလေလေ လိုအပ်ချက်တွေ များလေလေပဲ။ စီစဉ်ထားတာ ရှိသလို တချို့လိုအပ်ချက်တွေလည်း ရှိတယ်။ အဆင်မပြေတာတွေ ရှိသလား။ သူတို့ကလည်း Do and Don’t အပေါ်မှာ စည်းကမ်းချက်တွေ၊ သုံးသပ်ချက်တွေ လိုက်နာရဲ့လား။ သူတို့လာတဲ့ ပုံစံတွေရော အဆင်ပြေရဲ့လား စတာတွေကို စောင့်ကြည့်လေ့လာရမှာ”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောကြားသည်။ 
အဆိုပါအဖွဲ့သည် အချက် ခုနစ်ချက်ကို လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုအချက်များမှာ လေဆိပ်နှင့် ကားဂိတ်သို့ ရောက်ရှိမည့် ခရီးသည်စာရင်းနှင့် လည်ပတ်မည့် သက်ဆိုင်ရာ ကုမ္ပဏီများ၊ လေကြောင်းလိုင်း လေဆိပ်စီမံခန့်ခွဲရေးအဖွဲ့များ၊ သယ်ယူပို့ဆောင်ရေး အသင်းများနှင့် ဧည့်လမ်းညွှန်အသင်းများနှင့် ချိတ်ဆက်ညှိနှိုင်းပြီး ကြိုတင်ရယူရန်၊ လေဆိပ်နှင့် ကားဂိတ်များတွင် ခရီးသည်များကို သွားရောက် စောင့်ဆိုင်းကာ ကောက်ယူသော စာရင်းများနှင့် စိစစ်ရန်၊ ခရီးသည်များ လည်ပတ်မည့် အစီအစဉ်အလိုက် တည်းခိုမည့် ဟိုတယ်၊ စားသောက်ဆိုင်၊ ပို့ဆောင်ရေးလုပ်ငန်း၊ ပစ္စည်းအရောင်းဆိုင်များ၌ ဝန်ဆောင်မှု ရယူခြင်း၊ ငွေကြေးသုံးစွဲမှုစနစ်နှင့် စာရင်းများကို စစ်ဆေး၍ လေ့လာ စစ်တမ်းကောက်ရန်တို့ ဖြစ်သည်။ 
ထို့ပြင် လိုင်စင်ရ ခရီးသွားကုမ္ပဏီများ ဆောင်ရွက်သော Packge Tour များနှင့် အခြားအဖွဲ့အစည်း အစီအစဉ်ဖြင့် လာရောက် လည်ပတ်သော ဝင်ရောက်မှု အချိုးအစား၊ လည်ပတ်မှု အလေ့အထနှင့် ဝန်ဆောင်မှု နည်းစနစ်များကို လေ့လာ စိစစ်တင်ပြရန်၊ ခရီးသည်များ လက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင် ဈေးဝယ်ယူမှု အခြေအနေများကို စိစစ်ရန်နှင့် အဖွဲ့ခေါင်းဆောင် အနေဖြင့် အဖွဲ့ဝင်များအား စီမံဆောင်ရွက်ရန်နှင့် စိစစ်တွေ့ရှိချက်များကို အစီရင်ခံစာ ပြုလုပ်ကာ လစဉ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ လစဉ် တင်ပြရမည် ဖြစ်သည်။ 
“ဒီလိုအဖွဲ့အစည်းတွေ ရှိခြင်းအားဖြင့် လက်လွန် ခြေလွန်ဖြစ်မယ့်ကိစ္စတွေကို တားနိုင်မယ်။ လေ့လာရေး ကော်မတီတွေအနေနဲ့ အခုမှအစဆိုတော့ ပြောဖို့က အရမ်းစောသေးတယ်။ ကော်မတီအနေနဲ့က ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ၊ လုပ်ကိုင်ခွင့်ရှိမလဲ မူတည်ပြီးတော့ ထိန်းသိမ်းရမှာပေါ့”ဟု မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးကောင်းမင်းခန့်က ပြောကြားသည်။ 


Eleven Media Group




0 comments:

Post a Comment