Sunday, June 30, 2019

နှုန်းထားအသစ်ဖြင့် တွက်ချက်ရာတွင် မှန်ကန်မှုရှိစေရန် ဓာတ်အားသုံးစွဲသူများကိုယ်တိုင် စစ်ဆေးပြီးသော မီတာပြဂဏန်းများကို ဝန်ထမ်းများနှင့် ဖတ်ရှုမှတ်တမ်းတင်၍မှန်ကန်ကြောင်း လက်မှတ်ရေးထိုးဆောင်ရွက်ပေးရန် YESC မေတ္တာရပ်ခံ


လစဉ် မီတာဖတ်ရက်များတွင် စစ်ဆေးပြီးသော မီတာပြဂဏန်းများကို ဓာတ်အားသုံးစွဲသူများကိုယ်တိုင် ဝန်ထမ်းများနှင့် ဖတ်ရှုမှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲသူများသို့ ပန်ကြားချက်အမည်ဖြင့် ဇွန် ၂၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း (YESC) က မေတ္တာရပ်ခံခဲ့သည်။ 
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်: (YESC) က ဓာတ်အားသုံးစွဲသူများအနေဖြင့် ဇူလိုင် ၁ ရက်မှ ၅ ရက် အတွင်း လျှပ်စစ်ဌာနက မီတာလာ ရောက်ဖတ်ရှုခြင်း၊ မီတာဖတ်ချက် အတည်ပြုမှတ် တမ်းတင်ခြင်းကို ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားခဲ့ကြောင်း သိရသည်။ 
ဇူလိုင် ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်ကောက်ခံရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာနှင့် သတင်းဌာနများတွင် ပြည်သူများသို့ ကြေညာခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအနေဖြင့် ဇွန်လကုန်အထိ သုံးစွဲသော ဓာတ်အားခများကို ဇူလိုင် ၁ ရက်မှ ၅ ရက်အတွင်း ဖတ်ရှု၍ ယခင်နှုန်းထားဟောင်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း အဆိုပါ ပန်ကြားချက်တွင်ပါဝင်သည်။ 
ထိုနောက်ပိုင်း ဇူလိုင်အတွက် သုံးစွဲမှုများကို သြဂုတ် ၁ ရက်မှ ၅ ရက်အတွင်း ဖတ်ရှု၍ ပြင်ဆင်ထားသော နှုန်းထားအသစ်ဖြင့် တွက်ချက်တောင်းခံသွားမည်ဖြစ်ကြောင်း၊ ထိုသို့ တွက်ချက်တောင်းခံရာတွင် မှန်ကန်မှုရှိစေရေး၊ ဓာတ်အားသုံးစွဲသူများ၏ နေအိမ်တွင် တပ်ဆင်ထားသော မီတာအားလုံးကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်)က ကြီးကြပ်ပြီး ခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများကိုယ်တိုင် လစဉ်မီတာဖတ်ရက်ဖြစ်သော (လဆန်း ၁ ရက်မှ ၅ ရက်အတွင်း) အိမ်တိုင်ရာရောက် ဖတ်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ထို့ကြောင့် ဇူလိုင် ၁ ရက်မှ ဇူလိုင် ၅ ရက်အတွင်းလာရောက်ဖတ်ရှုစစ်ဆေးသော မီတာများ၏ မီတာပြဂဏန်းများကို ဓာတ်အားသုံးစွဲသူများကိုယ်တိုင် ဝန်ထမ်းများနှင့်မျက်မြင်ဖတ်ရှုမှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးစေလိုကြောင်း သိရသည်။ 
အကြောင်းအမျိုးမျိုးကြောင့် ဓာတ်တိုင်ပေါ်တွင် မီတာတပ်ဆင်ပြီး HHU မီတာဖတ်သည့်ကိရိယာဖြင့် ဖတ်ရှု၍ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်နေသော မီတာများ၏ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၅ ရက်အတွင်း ဖတ်ရှုချက်များကို ဓာတ်အားသုံးစွဲသူများ သိရှိနိုင်ရန် မီတာဖတ်ပြီးနောက်တစ်နေ့တွင် မီတာဖတ်သည့်နယ်မြေရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ပေးပို့အပ်နှံထားမည်ဖြစ်ကြောင်း သိရသည်။ 
မီတာဖတ်စာရေးများကို တာဝန်ပေးအပ်ထားသော်လည်း အကြောင်းကြောင်းကြောင့် လာရောက်ဖတ်ရှုခြင်းမပြုပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများနှင့် YESC Call Center 1717 သို့ အကြောင်းကြားပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ထုတ်ပြန်မှုအရ သိရသည်။ 

Eleven Media Group


0 comments:

Post a Comment