Thursday, June 27, 2019

မြေအောက်မြောင်းများ၊ ရေမြောင်းများ ရှင်းလင်းခြင်းကို မိုးရာသီမတိုင်မီ ဆောင်ရွက်ပေးမှုကြောင့် သုံးနှစ်အတွင်း နှစ်ချို့အမှိုက်များ ရှင်းလင်းရာ အခြေအနေကောင်းနေပြီ ဖြစ်ကြောင်း မြို့တော်ဝန်ပြောကြား

မြေအောက်မြောင်းများ၊ ရေမြောင်းများ ရှင်းလင်းခြင်းကို မိုးရာသီမတိုင်မီ ဆောင်ရွက်ပေးမှုများကြောင့် သုံးနှစ်အတွင်း နှစ်ချို့အမှိုက်များကို ရှင်းလင်းရာ အခြေအနေကောင်းနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 
ဇွန် ၂၅ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းကြီးများအား သန့်ရှင်းရေး ပြုလုပ်ရာတွင် ခေတ်မီ စက်ကိရိယာများ ယခုထက်ပိုမို အသုံးပြုရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“လုပ်သား အင်အား အသုံးပြုပြီးတော့ မြေအောက် မြောင်းတွေ၊ ရေမြောင်းတွေ ရှင်းလင်းခြင်းကို နှစ်စဉ် မိုးရာသီမတိုင်မီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ သုံးနှစ်အတွင်း ဆောင်ရွက်ပေးခဲ့မှုကြောင့် နှစ်ချို့အမှိုက်တွေများကို ရှင်းလင်း ဆောင်ရွက်တာ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းကြီးများအား သန့်ရှင်းရေး ပြုလုပ်ရာတွင် ခေတ်မီ စက်ကိရိယာများ ယခုထက် ပိုမိုအသုံးပြုရန် အစီအစဉ် ရှိပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ချောင်းကြီး၊ မြောင်းကြီးများအား စက်ယန္တရားများ အသုံးပြု၍ တူးဖော်ရှင်းလင်းခြင်း၊ နောက်ပိုင်းတွင် ဆက်လက်ပြီး ထိထိရောက်ရောက် ရှင်းနိုင်ရန် ခေတ်မီ စက်ယန္တရားများ ပိုမိုလိုအပ်ပါကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 
ထို့ပြင် လုပ်ငန်းသုံး ယာဉ်အမျိုးအစားနှင့် လုပ်ငန်းသုံး စက်ယန္တရား နှစ်မျိုးရှိပါကြောင်း၊ လုပ်ငန်းသုံး ယာဉ်အမျိုးအစားသည် ၃၃ မြို့နယ်တွင် ၂၅ စီးသာ ရှိပါကြောင်း၊ တစ်မြို့နယ်ကို နှစ်စီးနှုန်း အသုံးပြုမည် ဆိုပါက ၆၆ စီး လိုအပ်ပါကြောင်း၊ ရေပြင်၊ မြေပြင်မှာ သုံးလို့ရသည့် စက်ယန္တရား ရှစ်စီး၊ သုံးတန်ခွဲ အမှိုက်ဆည်တဲ့ စက်ယန္တရား ၂၃ စီးရှိပါကြောင်း၊ ၄၃ စီး အသုံးပြုရန် လိုအပ်သည့်အတွက် ၁၂ စီး လိုအပ်ပါကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 
ယင်းအပြင် ရေပေါ် မြေပေါ် သွားလို့ရတဲ့ အမျိုးအစားက နှစ်စီးလိုပါကြောင်း၊ ချောင်းများ၊ မြောင်းများ၊ မြေပြင်ပေါ်မှာ သုံးသည့် အမျိုးအစား ၃ ဒသမ ၅ တန် ၁၀ စီး လိုအပ်ပါကြောင်း၊ နေ့စဉ် လုပ်နေရသည့် လုပ်ငန်းများတွင် လုပ်နေရသည့်ပစ္စည်းများ ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ခေတ်မီ စက်ကိရိယာသည် များစွာ လိုအပ်ပါကြောင်း၊ အသုံးပြုရန် လိုအပ်သည့် စက်ကိရိယာနှင့် ယာဉ်များအား လာမည့် ဘဏ္ဍာငွေ ခွဲဝေရရှိမှုပေါ်မူတည်ပြီး လိုအပ်ချက်အရ တင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment