Friday, June 28, 2019

ကမ္ဘာလုံးဆိုင်ရာ အခြေပြုညွှန်းကိန်းအရ နိုင်ငံပေါင်း ၈၄ နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှု တားဆီးနိုင်မှုအဆင့် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် ၈၂ ရှိနေဟု သိရ


တရားမဝင် ကုန်သွယ်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ အခြေပြုညွှန်းကိန်း (The Globl Index on Illicit Trade) ကို စီးပွားရေး သတင်းအချက်အလက်ယူနစ် (EIU) က ပြုစုခဲ့ပြီး တရားမဝင် ကုန်သွယ်မှုကို လက်သင့်ခံမှု သို့မဟုတ် တားဆီးနိုင်မှု ပမာဏအပေါ် အခြေခံကာ နိုင်ငံပေါင်း ၈၄ နိုင်ငံကို အဆင့်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါ ၈၄ နိုင်ငံတွင် စုစုပေါင်းရမှတ် ၂၃ ဒသမ ၀ မှတ် (အမှတ် ၁၀၀) တွင် အဆင့် ၈၂ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) မှ သိရသည်။ 
တရားမဝင် ကုန်သွယ်မှု၌ ထင်ရှားသော နယ်ပယ်များမှာ လူကုန်ကူးခြင်း၊ တောရိုင်းတိရစ္ဆာန်များ၊ မူးယစ်ဆေးဝါးများ၊ ဆေးရွက်ကြီး၊ အရက် စသည်တို့ကို တရားမဝင်ကုန်ကူးခြင်းများ အပါအဝင် ဆေးဝါးအတုများ၊ လျှပ်စစ်ပစ္စည်းအတုများနှင့် ဖက်ရှင်ဆိုင်ရာပစ္စည်းအတုများ စသဖြင့် ကုန်ပစ္စည်းအတု အမျိုးအစားပေါင်းများစွာ ပါဝင်သည်။ ယင်းကဲ့သို့ ရာဇဝတ်မှုများသည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု၏ ယုံကြည်မှု၊ လူ့စွမ်းအား အရင်းအမြစ်နှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍတို့တွင် အားနည်းစေနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း အဟန့်အတား ဖြစ်စေကြောင်း သိရသည်။ 
တရားမဝင် ကုန်သွယ်မှုကြောင့် ပေါ်ပေါက်လာသည့် ထိခိုက်နစ်နာမှုများကို ပိုမို နက်ရှိုင်းစွာ ခြုံကြည့်မည် ဆိုပါက စားသုံးသူများ၊ သဘာဝ ပတ်ဝန်းကျင်၊ နိုင်ငံတော် အခွန်ဘဏ္ဍာငွေများနှင့် အလုပ်အကိုင်များအပေါ် သက်ရောက်သည့် ဆိုးကျိုးများကိုလည်း တွေ့ရမည်ဖြစ်သည်။ 
မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခု ရှိသည့်အပြင် ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများလည်း ရှိသည်။ ယင်းအချက်များသည် ကုန်သွယ်မှုဆိုင်ရာ တရားဥပဒေ စိုးမိုးနိုင်ရေးအပေါ် ကြီးမားသော စိန်ခေါ်မှုများအဖြစ် ရှိနေပြီး အထူးသဖြင့် နယ်စပ်ဒေသများစွာတို့သည် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေသောကြောင့် အစိုးရက တိုက်ရိုက်ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်း မရှိကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
တရားမဝင် ကုန်သွယ်မှု၏ အခြေခံကျသော ၀ိသေသလက္ခဏာများနှင့် ထိုကုန်သွယ်မှုကို ကြီးထွားစေနိုင်သည့် စီပွားရေး အခြေအနေကို အသေးစိတ် လေ့လာရှင်းလင်း သုံးသပ်မည်ဆိုပါက ထိုတရားမဝင် ကုန်သွယ်မှုကို လျှော့ချပေးစေနိုင်သည့် မူဝါဒများ ချမှတ်နိုင်ရေး သုံးသပ်ဆွေးနွေးရာတွင် အထောက်အကူ ဖြစ်စေနိုင်ပြီး ဥပဒေပြင်ပမှ ရောင်းဝယ် ဖောက်ကားသူများ၏ ကွန်ရက်များကို နှိမ် နင်းနိုင်ရန် နည်းဗျူဟာကျသည့် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ခြင်းအားဖြင့် စားသုံးသူများကို ဘေးကင်းစိတ်ချမှု ရရှိစေခြင်း၊ တရားဝင် အခွန်ကောက်ယူမှု တိုးတက်စေနိုင်ခြင်း၊ အခြားသော ရာဇဝတ်မှုနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုများကို ကာကွယ်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မိမိ၏ ပြည်တွင်း ဈေးကွက်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ကြောင်းနှင့် ကာကွယ်နိုင်ကြောင်းကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ အသိုင်းအဝိုင်းထံ သရုပ်ဖော်ပြသနိုင်မည်ဟု EuroCham Myanmar နှင့် Anti-Illicit Trade Advocacy Group အဖွဲ့ဝင်များက ယုံကြည်ထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment