Sunday, June 30, 2019

မွန်ပြည်နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရန်အတွက် ဘတ်ဂျက်ငွေကျပ်သိန်း(၂၀၀)ကျော်သာကျန်ရှိ


မွန်ပြည်နယ်မှာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် ဘတ်ဂျက်ငွေကျပ်သိန်း(၂၀၀)ကျော်သာကျန်ရှိတော့ တယ်လို့ မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ ကပြောပါတယ်။ 
မွန်ပြည်နယ်ဟာဆိုရင်မိုးများတဲ့ ဒေသဖြစ်တာနဲ့အညီရေကြီး ရေလျှံတာတွေ၊ လေပြင်တိုက်ခတ်တာတွေ နဲ့ အခြားသဘာဝဘေးဒဏ်တွေကို နှစ်စဉ်ခံစားနေရတာပါ။ အဲဒီလိုသဘာဝဘေးဒဏ်ဖြစ်ပေါ်လာပါက ကူညီ ကယ်ဆယ်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ရန်ပုံငွေကို အသုံးပြုနေရပါတယ်။ လက်ရှိမွန်ပြည်နယ်မှာတော့(၂၀၁၈/၂၀၁၉)ဘဏ္ဍာရေးနှစ်မှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ရန်ပုံငွေခွဲဝေရထားမှုအနေနဲ့ ကျပ်သိန်း(၇၈၀)ကျော်ရရှိထားပေမယ့် အဲဒီထဲက ကျပ်သိန်း (၅၀၀)ကျော်ထောက်ပံ့ပြီးဖြစ်တာကြောင့် ကျပ်သိန်း(၂၀၀)ကျော်သာ ကျန်ရှိတယ်လို့ ဦးသောင်းရွှေ ကဆိုပါ တယ်။ ဒါ့အပြင်မွန်ပြည်နယ်မှာ သဘာဝဘေးဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ဖို့အတွက်လည်း ပြည်နယ်ဦးစီး မှူးရုံးမှာ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါဝင်တဲ့အိတ်တွေကို အိမ်ထောင်စု(၁၀၀၀)စာ ပြင်ဆင်ထားသလို သထုံခရိုင်ရုံးမှာလည်း အိမ်ထောင်စု(၈၀၀)စာပြင်ဆင်းထားတယ်လို့ ဦးသောင်းရွှေကပြောပါတယ်။ မိုးတွင်းကာလဖြစ်တာနဲ့အညီ ရေကြီး ရေလျှံမှုဖြစ်ပွားပါက အမြန်ဆုံးဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ အတွက်လည်း မြို့နယ်အလိုက် ကယ်ဆယ်ရေးနေရာတွေသတ်မှတ်ပေးထားပြီး ရွှေ့ပြောင်းလာသူတွေအတွက် လည်းဆန်ဖိုးထောက်ပံ့ဖို့ ပြင်ဆင်ထားသလို ခေါက်ဆွဲခြောက်တွေရေသန့်တွေလည်း ပြင်ဆင်ပေးထားတယ်လို့ ဦးသောင်းရွှေ ကပြောပါတယ်။ သဘာဝဘေးန္တရာယ်ဖြစ်ပေါ်ရတာဟာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲ လာမှုကြောင့်ဖြစ်ပေါ်ရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သတိရှိရှိနဲ့ လေ့လာမှတ်သားဖို့လိုအပ်တယ်လို့လည်း မွန်ပြည်နယ်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေကပြောပါတယ်။ 

သတင်း-ဗထူး
One News Myanmar 

0 comments:

Post a Comment