Friday, June 28, 2019

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ လွှတ်တော်တွင် အတည်ပြုချက် ရယူခဲ့သဖြင့် ပြည်သူ့ငွေစာရင်းကော်မတီက မှားယွင်း သုံးသပ်ထားသည့် အချက်များကို ပယ်ဖျက်


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ လွှတ်တော်တွင် အတည်ပြုချက် ရယူခဲ့သဖြင့် ပြည်သူ့ငွေစာရင်း ကော်မတီက မှားယွင်းသုံးသပ်ထားသည့် အချက်များကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။ 
ဇွန် ၂၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့ငွေစာရင်းကော်မတီ၏ သုံးသပ်ချက်အနက် အပိုဒ် ၆ နှင့် အပိုဒ် ၇ ပါ အချက်များ မှားယွင်းနေမှုကို ပယ်ဖျက်ခဲ့သည်။ 
၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၄၄ ဒသမ ၉၂ ဘီလျံအား ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး နဝမမြောက်နေ့တွင် တင်ပြခဲ့ပြီး ပြည်သူ့ငွေစာရင်း ကော်မတီမှ ကျပ် ၂ ဒသမ ၁၄၇ ဘီလျံနှင့် ဌာန၊ အဖွဲ့အစည်းများမှ လျှော့ချငွေ ကျပ် ၁ ဒသမ ၈၆၄ ဘီလျံ စုစုပေါင်း ကျပ် ၄ ဒသမ ၀၁၁ ဘီလျံကို စိစစ်လျှော့ချခဲ့ပြီး ဖြည့်စွက် ခွင့်ပြုငွေအဖြစ် ကျပ် ၄၂ ဒသမ ၅၇၅ ဘီလျံကို ပြင်ဆင်လျာထားခဲ့ကြောင်း၊ ထိုသို့ ပြောင်းလဲ ပြင်ဆင်လျာထားခဲ့သော ငွေကျပ် ၄၂ ဒသမ ၅၇၅ ဘီလျံတွင် ပြည်သူ့ငွေစာရင်းကော်မတီ အနေဖြင့် စိစစ်လျှော့ချခဲ့သည့် ငွေကျပ် ၄ ဒသမ ၀၁၁ ဘီလျံမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်တွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသနလှိုဏ်ဂူတော်ကြီး၌ CCTV ကင်မရာများ တပ်ဆင်ရန် ငွေကျပ် ၈၂ သန်း၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတွင် ကျောက်တန်းမြို့နယ်၌ လုပ်ငန်းသစ် သုံးခု၊ ထန်းတပင်မြို့နယ်တွင် လုပ်ငန်းသစ် နှစ်ခု ထည့်သွင်း လျာထားပြီး ပြောင်းလဲလျထားမှု အခြေအနေ တင်ပြချက်နှင့် ပြင်ဆင်သည့် ဌာနာ အဖွဲ့အစည်းများ၏ ပြင်ဆင်ချက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မတ် ၁ ရက် ရက်စွဲဖြင့် တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ဖြန့်ဝေခဲ့ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။ 
မတ် ၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး လွှတ်တော်မှ သဘောတူ အတည်ပြုပြီး ဖြစ်ကြောင်း၊ လွှတ်တော်မှ သဘောတူပြီးနောက် ဧပြီ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။ 
“ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်ကို မတင်ပြမီ လွှတ်တော်မှာ တင်ပြအတည်ပြုချက် ရယူပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ငွေစာရင်း ကော်မတီက အပိုဒ် ၆ နဲ့ အပိုဒ် ၇ တို့မှာ မှားယွင်းစွာ သုံးသပ် အကြံပြုထားခြင်းကို ပယ်ဖျက်ပေးဖို့ လိုအပ်ပါတယ်။ ဘဏ္ဍာရေး ကော်မရှင်ကို တင်ပြတဲ့အအခါ ဘဏ္ဍာရေး ကော်မရှင်က စိစစ်လျှော့ချမှုများ ရှိတဲ့အတွက် စိစစ်လျှော့ချ၍ ပြောင်းလဲ လျာထားမှုများ ဖြစ်ပေါ်လာပါတယ်။ ပြောင်းလဲမှုများကို ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အတည်မပြုခင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည် တင်ပြဖို့ မေလမှာ လွှတ်တော် ခေါ်ယူရမှာ ဖြစ်ပါတယ်။ ထိုသို့ လွှတ်တော်ကို အကြိမ်ကြိမ် ခေါ်ယူခြင်း မပြုဘဲ ဥပဒေကြမ်း တင်ပြသည့်အခါမှသာ ဘဏ္ဍာရေးကော်မရှင်က စိစစ်မှုများကို တစ်ပါတည်း တင်ပြခြင်း ဖြစ်ပါတယ်။ တခြားတိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေလည်း အခုလို ဆောင်ရွက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 
ထို့နောက် ဝန်ကြီးက ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ် အကြံပြုချက်၊ သဘောထား မှတ်ချက် အစီရင်ခံစာ၏ အပိုဒ် ၆ နှင့် အပိုဒ် ၇ တို့ကို ပယ်ဖျက်ပေးရန် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးရန် လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ တစ်ဆင့်တင်ပြကြောင်း ပြောကြားသည်။ 
“ဝန်ကြီး တင်ပြသွားတဲ့ဟာက ကျွန်တော်တို့ ကော်မတီအနေနဲ့ မှားယွင်းသွားတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပေါ့ဆစွာ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲနဲ့ ဝန်ကြီး တင်ပြခဲ့တဲ့နေ့ ၂၀၁၉ မတ် ၁ ရက်မှာ အစီရင်ခံစာ မရေးသားခင် အသံမှတ်တမ်းကို စိစစ်ခဲ့ပါတယ်။ ဝန်ကြီးက အဲဒီနေ့မှာ Power Point နဲ့ တင်ပြပြီး စာရွက်ဝေထားတဲ့အတွက် အသံမှတ်တမ်းမှာ မပါဝင်ခြင်း ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အယူကောက်လွဲပြီး မှားယွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီမှာ တာဝန်ရှိတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာပါ အပိုဒ် ၆ နဲ့ အပိုဒ် ၇ ကို ပယ်ဖျက်ပေးဖို့ ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

Eleven Media Group 

0 comments:

Post a Comment