Wednesday, June 26, 2019

မူးယစ်ဆဲဆိုသူကို ရဲတပ်ဖွဲ့ဝင်များက ချုပ်နှောင်ရိုက်နှက်၊ ရိုက်နှက်ခံသူ သတိလစ်မေ့မြော၍ ပြည်ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူနေရ


ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ဇွန် ၂၄ ရက်ညပိုင်းက မူးယစ်ဆဲဆိုနေသူတဦးကို ရဲတပ်ဖွဲ့ဝင်များက ချုပ်နှောင်ရိုက်နှက်ခြင်းကြောင့် ရိုက်နှက်ခံရသူမှာ သတိလစ်မေ့မြော၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။ 
ချုပ်နှောင်ရိုက်နှက်ခံရသူမှာ ပန်းတောင်းမြို့မှ အသက် ၂၄ နှစ်ရှိ ကိုအောင်ရဲဇော်ဆိုသူဖြစ်ပြီး ၎င်းသည် ပန်းတောင်း မြို့စည်သာရပ်ကွက်ရှိ အရက်ဆိုင်တွင် မူးယစ်ဆဲဆိုနေသဖြင့် ဆိုင်ရှင်ဖြစ်သူ၏တိုင်တန်းချက်ကြောင့် ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက်ခဲ့ကြောင်း၊ ကိုအောင်ရဲဇော်အားဖမ်းဆီးစဉ် ပန်းတောင်းမြို့မရဲစခန်းမှ ဒုတပ်ကြပ်အောင်ဇော်ဝင်းပါ ရဲတပ်ဖွဲ့ဝင်လေးဦးအပြင် စည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းပါလာပြီး ရဲတပ်ဖွဲ့ဝင်တဦးမှ လက်နှစ်ဖက်အား နောက်ပြန် ချုပ်ကိုင်ပေးပြီး ကျန်သည့်ရဲတပ်ဖွဲ့ဝင်တဦးမှ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ 
“စဖြစ်တာက ဒီကလေးက နည်းနည်း မူးနေတာတော့ မှန်ပါတယ်။ ဒီဆိုင်နဲ့ နဲနဲ ပြဿနာဖြစ်မှာပေါ့။ ဒါပေမယ့် သူ့ဟာနဲ့သူ ပါးစပ်ကပဲပြောနေတာ။ ဒီအထဲကလူတွေကို လုပ်တာပြုတာတော့ မရှိပါဘူး။ အဲလိုပဲ ဆဲဆိုပြီကြိမ်းမောင်းနေတာ။ ဒါပေမယ့် ရဲတွေလာတဲ့အချိန်မှာ တယောက်က နောက်ပြန်ချုပ်ထားတယ်။ တယောက်က ထိုးတယ်။ တယောက်က သူ့ခါးကတုတ်ကိုချွတ်ပြီး ရိုက်ချလိုက်တာ။ ရိုက်လိုက်တာတော့ သွေးကွက်ကတော့ အကြီးကြီးပဲ။ အဲဒီကလေးက လဲသွားတော့အနားကလူတွေက ဝိုင်းပြီး ဆေးရုံကားတွေခေါ်ပြီး ဆေးရုံပို့လိုက်တာ”ဟု မျက်မြင်တဦးဖြစ်သူ မမိုးမိုးထက်ကပြောသည်။ 
“သွေးတွေလဲထွက်နေရော ကျွန်မက အဲဒါဆိုရင် ဘာလို့ရိုက်တာလဲလို့ အဲလောက်ထိမှလုပ်ပိုင်ခွင့်မရှိတာ မတရားကြီး ဘာလို့လုပ်တာလဲလို့ အဲဒါတော့ပြောလိုက်တယ်။ ဘယ်ရဲရိုက်တာလဲဆိုတာတော့ မသိဘူး။ ဖြတ်ရိုက်လိုက်တဲ့ တုတ်ကို သမီးလည်းသွားရော ဖွက်လိုက်တယ်။ ရိုက်လိုက်တဲ့ လေးယောက်ထဲက ဘယ်ရဲလဲသာ မသိတာ။ ရိုက်လိုက်တာတော့ ရိုက်လိုက်တာ”ဟု မျက်မြင်သက်သေ နောက်တဦးဖြစ်သည့် မနွယ်ဇင်ခိုင်က ပြောသည်။ 
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ အောင်ရဲဇော်မှာ အရက်ဆိုင်ထဲတွင် မူးယစ်ပြီးရမ်းကားရန်ပြုနေသည့်အတွက် ဆိုင်ရှင်ဖြစ်သူကလာရောက်တိုင်ကြားရာ ရဲစခန်းမှအမှုဖွင့်ပေးပြီး တာဝန်မှူး ဒုရဲအုပ်ကျော်ဝင်းခိုင်၏ ညွှန်ကြားချက်အရ ဒုတပ်ကြပ် အောင်ဇော်ဝင်းပါ ရဲတပ်ဖွဲ့ဝင်လေးဦးတို့အားဖမ်းဆီးခိုင်းရာတွင် ရဲတပ်ဖွဲ့ဝင်များအား တုတ်ကိုင်ပြီး စိန်ခေါ်ဆဲဆိုကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးရာတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာမှ အောင်ရဲဇော်၏ အောက်နှုတ်ခမ်းတွင် ပေါက်ပြဲဒဏ်ရာရရှိသွားသဖြင့် လူနာတင်ကားခေါ်ကာဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ဆေးကုသမှုခံယူပြီး ည(၁၁)နာရီ အချိန်ခန့်တွင်ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး ပြေလည်ရာပြေလည်ကြောင်းပြောဆိုသဖြင့် မိခင်ဖြစ်သူဒေါ်သီတာအား ပြန်လည်အပ်နှံခဲ့ကြောင်း၊ ဇွန် ၂၅ ရက် နံနက် (၈) နာရီကျော်တွင် ၎င်း၏ မိခင်နေအိမ်တွင်ရှိနေစဉ် အကြောတက်သည်ဟုဆိုကာ သတိလစ်သွားသဖြင့် ပန်းတောင်းဆေးရုံ ထိုမှတဆင့် ပြည်ဆေးရုံ၊ ထိုမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ရန် ညွှန်းဆိုသဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းဦးနှင့်အတူ ရန်ကုန် ပြည်သူ့ဆေးရုံသို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သောရဲတပ်ဖွဲ့ဝင်များအားလည်း စစ်ဆေးရန် အစီရင်ခံစာများ တင်ပြထားပြီး ညွှန်ကြားချက်များနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်အောင်က ပြောသည်။ 
ကိုအောင်ရဲဇော်မှာ ပန်းတောင်းမြို့ စည်သာရပ်ကွက်တွင် မိဘများနှင့်နေထိုင်သူဖြစ်ပြီး ကျောက်ကားလိုက်သည့် အလုပ်သမားဖြစ်ကြောင်း၊ မိဘများမှာ ဆင်းရဲပြီး ရိုးအသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 
ကိုလေး(ပြည်)
News Watch 

0 comments:

Post a Comment