Friday, June 28, 2019

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၂၀၁၉ ခုနှစ် ပထမခြောက်လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၅၈ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၅၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၇၂ ဦး အထိရှိခဲ့


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခု ၂၀၁၉ ခုနှစ်အတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၂၅၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုများကြောင့် လူ ၅၀ သေဆုံး၍ ၄၇၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 
ဇွန်လအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “အဲဒါကို ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့မှာလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အဲဒီအတိုင်းပါပဲ။ ဇွန်လကတော့ ထိခိုက်မှု၊ သေဆုံးမှုအနည်းဆုံး ဖြစ်ပါတယ်။ ဇွန်လမှာ တစ်ဦးပဲ သေပါတယ်” ဟုပြောကြားသည်။ 
မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၄၃ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ငါးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၉ ဦး၊ ဖေဖော်ဝါရီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၄၀ ဖြစ်ပွား၍ သေဆုံးသူ ကိုးဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၅၄ ဦး၊ မတ်လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၂ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၂၀ နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၂၂ ဦး၊ ဧပြီလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၅၈ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ကိုးဦးနှင့်ထိခိုက် ဒဏ်ရာရရှိသူ ၁၄၄ ဦး၊ မေလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၄၁ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၀၊ ယခုလဇွန်လအတွင်း ၂၆ ရက်အထိ စာရင်းအရ ယာဉ်မတော်တဆမှုပေါင်း ၂၄ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦးရှိခဲ့ကြောင်း သိရသည်။ 
၂၀၁၉ ခုနှစ် ဇန်နဝါရီ၁ ရက်မှ ဇွန် ၂၆ ရက်အထိ ခြောက်လတာကာလအတွင်း စုစုပေါင်း ယာဉ်မတော်တဆမှုပေါင်း၂၅၈ ကြိမ်ဖြစ်ပွား၍ သေဆုံးသူဦးရေ ကျား ၃၀ နှင့် မ ၂၀ စုစုပေါင်း ၅၀၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား၂၅၃ ဦးနှင့် မ ၂၁၉ ဦး စုစုပေါင်း ၄၇၂ ဦးအထိရှိခဲ့ပြီး တစ်လပျမ်းမျှ ယာဉ်မတော်တဆမှု ၄၃ ကြိမ်၊ တစ်လပျမ်းမျှသေဆုံးသူ ရှစ်ဦးနှင့်တစ်လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၇၈ ဦးရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ 
လအလိုက်ဖြစ်စဉ်များအား နှိုင်းယှဉ်ချက်အရ ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်း၌ မတ်လအတွင်းဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုမှာ ၅၂ ကြိမ်ဖြင့် အများဆုံးဖြစ်ခဲ့သည့်အပြင် လူသေဆုံးမှုမှာလည်း ၂၀ ဦးဖြင့် လူသေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့သောလဖြစ်ခဲ့ပြီး ယခုဇွန်လမှာ ယာဉ်မတော်တဆမှု ၂၄ ကြိမ်နှင့် လူသေဆုံးမှု တစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦးသာရှိခဲ့သဖြင့် ပထမခြောက်လ တာကာလအတွင်း ယာဉ်မတော်တဆမှု၊ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးလ ဖြစ်ခဲ့ကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက် ခရီးသွားကာလများဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ထိခိုက်ဒဏ်ရာရရှိမှုပို၍ များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု လူသေဆုံးမှုများ ဖြစ်ပွားမှုလျော့နည်းစေရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးတာဝန်ရှိသူတို့ ပူးပေါင်း၍ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား နေပြည်တော်တိုး ဂိတ်၊ ၁၁၅ မိုင်တိုးဂိတ်၊ အမှတ် ၃ လမ်းဆုံ တိုးဂိတ်နှင့် မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်တို့တွင် စစ်ဆေးဖမ်းဆီးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၅ ရက်အထိ ခြောက်လတာကာလအတွင်း သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ၅၈၆၃ စီးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group 

0 comments:

Post a Comment