Sunday, June 30, 2019

ကရင်ပြည်နယ်တွင် အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုး ကူးစက်ခံထားရသည့် ကလေးငယ်တစ်ဦး တွေ့ရှိ၊ တုန့်ပြန်ကာကွယ်ဆေး အရေးတကြီး တိုက်ကျွေးရန် အစိုးရစီစဉ်


ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဆင်စွယ်ကျေးရွာမှ ကလေးငယ်တစ်ဦးတွင် အသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုး တွေ့ရှိခဲ့၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အသိပေးအကြောင်းကြားကာ အစိုးရက ကလေးများကို တုန့်ပြန်ကာကွယ်ဆေးတိုက်ကျွေးရန် အရေးတကြီး စီစဉ်ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ 
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ဖာပွန်၊ ကတိုင်တိတိုက်နယ်ဆေးရုံသို့ လတ်တလောပျော့ခွေ အကြောသေရောဂါ ရောဂါလက္ခဏာဖြင့် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး တက်ရောက်လာ၍ အဆိုပါ ကလေးငယ်၏ ဝမ်းနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ဒေသဆိုင်ရာ ရည်ညွန်းဓာတ်ခွဲခန်း Specialized Polio Lab တို့သို့ ပေးပို့စစ်ဆေးခဲ့ရာ အသွင်ပြောင်းပိုလီယို အကြောသေရောဂါပိုး (Vaccine-derived poliovirus Type 1) တွေ့ရှိကြောင်း ဇွန်လ ၂၃ရက်နေ့က အတည်ပြု ပြန်ကြားပေးခဲ့သည့်အတွက် ကျန်ကလေးများ ကူးစက်မှု မခံရစေရန် တုန့်ပြန်ကာကွယ်ဆေး တိုက်ကျွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။ 
ယင်းအပြင် လက်ရှိတွင် ထိုကလေးငယ် တစ်ဦးအပြင် အလားတူပုံစံဖြင့် (လတ်တလော ပျော့ခွေအကြောသေရောဂါလက္ခဏာရှိသူ) ဆေးရုံလာတက်နေသည့် ဝါးသိုးကလားကျေးရွာတွင် နေထိုင်သည့် အသက် (၂) နှစ်အရွယ် ရှိ ကလေးငယ်တစ်ဦးလည်း ရှိနေသည်ဟု သိရသည်။ 
ပိုလီယိုအကြောသေရောဂါပိုးသည် ကူးစက်လွယ် ရောဂါတစ်မျိုးဖြစ်ကာ ရောဂါပိုးရှိသူ၏မစင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သည်ဟု သိရသည်။ 
ကလေး၏ ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးဝင် ရောက်ချိန်မှစတင်၍ သုံးရက်မှ ၃၅ ရက်အတွင်း အကြောသေ ရောဂါလက္ခဏာ စတင်ဖြစ်ပွားတတ်ကြောင်းနှင့် လူနာတစ်ဦး ဖြစ်ပွားပါက အနီးနားရှိ ကလေးဦးရေ ၂၀၀ မှ ၁,၀၀၀ ခန့်အထိ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုးကူးစက်ခံနေရကြောင်း သိရသည်။ 
ပိုလီယိုဗိုင်းရပ်စ်ပိုးသည် ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေပြီး အကြောသေကာ အသက်ဆုံးရှုံးစေနိုင် သည်အထိ ဖြစ်ပွားနိုင်သည့် ရောဂါပိုးတစ်မျိုးဖြစ်သည်။ 
တုံ့ပြန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ကရင်ပြည်နယ် (ရ) မြို့နယ်၊ မွန်ပြည်နယ်၊ (၃) မြို့နယ် (ဘီးလင်း၊ ကျိုက်ထို၊ သထုံ)၊ ပဲခူးတိုင်းဒေသကြီး (၂) မြို့နယ် (ကျောက်ကြီး၊ ရွှေကျင်)၊ စုစုပေါင်း (၁၂) မြို့နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊အသက်အုပ်စုအနေဖြင့် ဖာပွန်မြို့နယ်တွင် အသက် (၁၅) နှစ်အောက်နှင့် ကျန်မြို့နယ်များတွင် အသက် (၅)နှစ်အောက်ကလေးများ၊ စုစုပေါင်း ကလေး (၃)သိန်း ဦးခန့်အား (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (ရ) ရက်နေ့ (၁၁) ရက်နေ့အတွင်း ပိုလီယို ကာကွယ်ဆေးတိုက်ကျွေးသွားမည်ဖြစ်သည်ဟု သိရသည်။ 
ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုးတွေ့ရှိ မှုဖြင့် စစ်ဆေးရာ. ဖာပွန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာစုစုပေါင်း (၃၁၃) ခုရှိသည့်အနက် (၆၄) ခုကိုသာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုး တိုက်ကျွေးနိုင်မှုရှိပြီး ကျန် (၂၄၉) ရွာတွင်မူ လုံခြုံရေးအခြေအနေကြောင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနိုင်ခြင်း လုံးဝမရှိပါကြောင်း တွေ့ရှိခဲ့ရသည်။ 
ပိုလီယိုအကြောသေရောဂါဖြစ်ပွားသည့် ကလေးငယ်နှင့် အခြား လတ်တလော ပျော့ခွေအကြောသေ လူနာကလေးငယ်သည် ပိုလီယိုကာကွယ် ဆေးတစ်ကြိမ်မျှ ရရှိခဲ့ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ယခု တွေ့ရှိရသော အသွင်ပြောင်းပိုလီယိုအကြောသေရောဂါပိုးသည် ကာကွယ်ဆေးလွှမ်းခြုံမှုမကောင်းသော နေရာဒေသများတွင် ကူးစက်ပြန့်ပွားပြီး ၊ ကာကွယ်ဆေး အပြည့်အဝ တိုက်ကျွေးထားခြင်း မရှိသော ကလေးငယ်များတွင် လည်း ရောဂါကူးစက်ခံရနိုင်ခြေများပြားကြောင်း သိရသည်။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံတွင် ပိုလီယို ရောဂါလုံးဝ ပပျောက်သွားကြောင်း (၂၀၁၄) ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကြေညာ အသိအမှတ်ပြုပေးခဲ့သော်လည်း အရိုင်းပိုး ကင်းစင်ကြောင်းသာ ဖြစ်ပြီး အသွင်ပြောင်းပိုလီယိုအကြောသေ ရောဂါပိုး မဟုတ်ပေ။ 
ကာကွယ်ဆေးအသွင်ပြောင်း ပိုလီယိုအကြောသေရောဂါပိုးကို ၂၀၀၆ ခုနှစ်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ၂၀၀၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ၂၀၁၀ တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ၂၀၁၂ တွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်၊ ၂၀၁၅ တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တို့၌ တစ်ဦးစီဖြင့် စုစုပေါင်း တစ်နိုင်ငံလုံးတွင် ရှစ်ဦးတွေ့ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ကလည်း မန္တလေးတိုင်း ဒေသကြီး အတွင်းမှ မြို့နယ် နှစ်မြို့နယ်တို့တွင် တွေ့ရှိခဲ့ရသဖြင့် အစိုးရများက တုန့်ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းအား အရေးတကြီး ဆောင်ရွက်ခဲ့ရသေးသည်။ 

ဇွဲခန့်
Isee Media

0 comments:

Post a Comment