Thursday, June 27, 2019

မြန်မာနိုင်ငံ၏ ယာဉ်စီးရေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန် Radio Frequency Identification စနစ် ဆောင်ရွက်မည်


မြန်မာနိုင်ငံ၏ ယာဉ်စီးရေ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ Radio Frequency Identification (RFID) စနစ်အား ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ယာဉ်စီးရေ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ယာဉ်များကို စစ်ဆေးကြပ်မတ်နိုင်ရန်၊ ဥပဒေကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်များအား အလွယ်တကူ စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ရန်နှင့် တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးထိန်းချုပ်နိုင်ရန် (RFID) စနစ်အား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ 
အဆိုပါ RFID စနစ်အား အကောင်အထည်ဖော်ရန် အကြံပေးဝန်ဆောင်မှု လုပ်ငန်းအတွက် Moon Engineering Joint Venture Co.,Ltd က တင်ဒါအောင်မြင်ထားပြီး လာမည့် ဇူလိုင်ပထမအပတ်အတွင်း နှစ်ဖက်လက်မှတ်ရေးထိုး သွားမည်ဖြစ်ကာ Fesibility Study ဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
RFID စနစ်အား အကောင်အထည်ဖော်ရန် လမ်းဘေးမြေများ အသုံးချခွင့်နှင့် လျှပ်စစ်မီးရရှိရေး၊ Infrastructure များ တည်ဆောက်ရေး၊ လုံခြုံရေး၊ အခြား Transport Facilities များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ဇွန်လ ဒုတိယပတ်က ပြုလုပ်ခဲ့သည်။ 
အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက RFID စနစ်အကောင်အထည် ဖော်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ Consulting Agency ငှားရမ်းရေး စိစစ်ရွေးချယ် ဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက RFID စနစ် အကောင်ဖော်ရေး Conceptual Plan ပါ ကိစ္စရပ်များ၊ Consulting Agency နှင့် Contract Agreement ချုပ်ဆိုပြီး Fesiblity Study ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ RFID စနစ်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ရေး ကိစ္စရပ်များကို တင်ပြခဲ့ကြောင်း သိရသည်။ 
Conceptual Plan အရ ပြည်ထောင်စုလမ်းမကြီးများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ကြီးများရှိ မြို့တွင်းအဓိက လမ်းဆုံများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၏ အချက်အချာကျသော နေရာများတွင် RFID Reader and Antenna များကို တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် တပ်ဆင်သွားမည်ဖြစ်ပြီး Main Data Center နှင့် Control Center များကို တစ်ပြိုင်နက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည်၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ၄ ဒသမ ၀၁ သန်းသာရှိခဲ့ရာက ယခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ စုစုပေါင်း ၇ ဒသမ ၂၉ သန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ပြီး ယာဉ်စီးရေ တိုးပွားလာမှုနှင့် ယာဉ်မတော်တဆမှုသည် တိုက်ရိုက်အချိုးကျသည့် သဘောသဘာဝရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment