Sunday, June 30, 2019

အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီမှုရရှိရန် ကြာဦးမည်ဟု တရုတ်သတိပေး


အမေရိကန်နှင့် တရုတ်ခေါင်းဆောင်နှစ်ဦး ဂျပန်နိုင်ငံတွင် တွေ့ဆုံပြီးနောက် ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်စနိုင်တော့မည်ဖြစ်သော်လည်း သဘောတူညီမှု ရရှိရန် အချိန်ကြာဦးမည်ဟု တရုတ်နိုင်ငံ ပိုင်မီဒီယာက ပြောကြားကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။ 
ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံသည် တစ်ဖက်နှင့်တစ်ဖက် ထုတ်ကုန်များအပေါ် အခွန်များ တိုးမြှင့်ကာ ခါးသီးသော ကုန်သွယ်ရေးစစ်ပွဲအတွင်း ရှေ့မတိုး နောက်မဆုတ် ပိတ်မိနေကြသည်။ 
ဂျပန်နိုင်ငံ အိုဆာကာ G20 ထိပ်သီးအစည်းအဝေး၏ အဝန်းအဝိုင်းတွင် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်တော့မည် ဖြစ်သော်လည်း သဘောတူညီမှုရရန် မသေချာကြောင်း ကွန်မြူနစ်ပါတီအာဘော် ချိုင်းနားဒေးလီး သတင်းစာက သတိပေးထားသည်။ 
ကိစ္စရပ်များ၏ ၉၀ ရာခိုင်နှုန်းမှာ သဘောတူညီမှု ရသလောက်နီးပါး ရှိနေပြီဖြစ်သော်လည်း အခြေခံကျသည့် ၁၀ ရာခိုင်နှုန်းမှာမူ အတွေးအမြင်ချင်း မတူသလောက်ဖြစ်နေသည်ဟု တရုတ်သတင်းစာက ဆိုသည်။ 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက G20 အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုသည် ကမ္ဘာသို့ အပေါင်းလက္ခဏာ ပြသနိုင်ခဲ့သည်ဟု ပြောကြားသည်။ 
နှစ်နိုင်ငံအကြား ပြဿနာများ ကျန်ရှိနေသော်လည်း အပြန်အလှန် လေးစားမှုဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်စိတ်ချထားကြောင်း ဝမ်ယီက စနေနေ့က ပြောကြားသည်။ 
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပြီး သမ္မတထရမ့်က ဟွာဝေးကုမ္ပဏီနှင့် ပတ်သက်၍ သံလွင်ခက် ကမ်းခဲ့သော်လည်း တရုတ်ဘက်က သတိကြီးစွာထား၍ ကြိုဆိုမှုပြုခဲ့သည်။ 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် ဝမ်ရှလောင်းက ဟွာဝေးကုမ္ပဏီနှင့် ပတ်သက်၍ အမေရိကန်ဘက်က ပြောသည့်အတိုင်း လက်တွေ့ပြသခဲ့လျှင် တရုတ်ဘက်က ကြိုဆိုမည်ဟု ပြောကြားသည်။ 
လတ်တလော တင်းမာမှုများ ပြေလျော့သွားခြင်းအပေါ် နှစ်နိုင်ငံ စီးပွားရေး အသိုင်းအဝိုင်းများကလည်း ကြိုဆိုခဲ့ကြသည်။ ဆွေးနွေးပွဲများ ပြန်စနိုင်ခြင်းသည် စီးပွားရေးနယ်ပယ်အတွက် သတင်းကောင်းဖြစ်ပြီး ယိုယွင်းနေသော ဆက်ဆံရေးအပေါ် များစွာလိုအပ်နေသည့် သေချာရေရာမှုကို ဖြည့်ဆည်းပေးနိုင်သည်ဟု အမေရိကန် တရုတ်စီးပွားရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဂျက်ကော့ပတ်ကားက ပြောကြားသည်။ 
တရုတ်ဘက်ကမူ ကုန်သွယ်ရေးစစ်ပွဲနှင့် ပတ်သက်၍ အနိုင်ကျင့်ခံမည် မဟုတ်ကြောင်း၊ ဖိအားပေးခံမည် မဟုတ်ကြောင်းနှင့် အဆုံးအထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သဘောထားကို ထုတ်ပြန်ထားသည်။ 
တရုတ် အီကော်နောမစ်ဒေးလီး သတင်းစာက WeChat လူမှုကွန်ရက်တွင် တင်ထားသော တောင်ရန်နုတ် စာမျက်နှာတွင် အမေရိကန်သည် တရုတ်က လက်လျှော့အရှုံးပေးမည် မဟုတ်ကြောင်းကို သိရှိသွားပြီဟု ရေးသားထားသည်။ 
အမေရိကန်နှင့် တရုတ်အကြားမှ ဆက်ဆံမှုများနှင့် ပွတ်တိုက်မှုများသည် တိုက်ခိုက်လိုက်၊ တစ်ဖန်ဆွေးနွေးလိုက်ဖြင့် ရေရှည်လုပ်ဆောင်သွားရမည့် အရေးကိစ္စများဖြစ်သည်ကို ယခင်ကတည်းက ထောက်ပြခဲ့သည်ဟု တရုတ်သတင်းစာက ရေးသားထားသည်။ 

The Voice

0 comments:

Post a Comment