Friday, June 28, 2019

လက်ရှိ သတ်မှတ်ထားသည့် ဆန်စပါး အခြေခံဈေးနှုန်းကို နှစ်စဉ် ပုံသေယူ၍ မဖြစ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား


လက်ရှိ သတ်မှတ်ထားသည့် ဆန်စပါးအခြေခံဈေးနှုန်းကို နှစ်စဉ် ပုံသေယူ၍ မဖြစ်နိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူလယ်သမားများနှင့် ဇွန်လ ၂၈ ရက်နေ့က ဓနုဖြူမြို့နယ်၌ တွေ့ဆုံချိန် အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လတုန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆန်စပါးအတွက် အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်အရည်အသွေးပြည့်စုံရေး၊ တင်း (၁၀၀) ကို ကျပ် (၅)သိန်းနှုန်း ကြေညာဆောင်ရွက်ပေးဖို့ ကျွန်မအနေနဲ့ အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။ တိုက်တွန်းခဲ့တဲ့အတိုင်းပဲ အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ကြေညာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဈေးနှုန်းဆိုတာ တစ်ရာသီပြီးရင် တစ်ရာသီ တစ်နှစ်ပြီးရင် နောက်တစ်နှစ် ပြောင်းလဲကြေညာပေးရမှာဖြစ်ပါတယ်။ အမြဲတော့ ဒါဟာ အသေယူလို့တော့ မဖြစ်ပါဘူးလို့ဆိုလိုတာပါ။ နိုင်ငံတကာမှာ စိုက်ပျိုးရာသီမတိုင်ခင် ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေတွေကို လေ့လာသုံးသပ်ပြီး ကြိုတင်ကြေညာပေးရပါတယ်။ ဒီလိုကြေညာပေးတဲ့ အခြေခံဈေးနှုန်းကို လေ့လာပြီး တောင်သူတွေက သူတို့အတွက် တွက်ခြေကိုက်တဲ့သီးနှံကို ရွေးချယ်စိုက်ပျိုးကြတဲ့ ပုံစံမျိုးဆောင်ရွက်ကြပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း သီးနှံအားလုံးအတွက် မလုပ်နိုင်သေးရင်တောင် တောင်သူလယ်သမားအများစုစိုက်ပျိုးနေကြတဲ့ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံ စတဲ့ အဓိကစိုက်ပျိုးသီးနှံတွေကို အခြေခံ ဈေးနှုန်း သတ်မှတ်နိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
အခြေခံဈေးနှုန်းကြေညာသည့် လုပ်ငန်းစဉ်နှင့် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို အစိုးရ၊ လုပ်ငန်းရှင်နှင့် တောင်သူလယ်သမားများက မျက်ခြေမပြတ်လေ့လာပြီး ရေရှည်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ 
“ဆန်စပါးအခြေခံဈေးနှုန်း ကြေညာခဲ့ပြီးနောက် တစ်နှစ်ကျော်ကာလမှာ ဒီကာလအတွေ့အကြုံရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး အခြေခံဈေးနှုန်းကြေညာတဲ့လုပ်ငန်းစဉ်နဲ့ ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အစိုးရအပိုင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်အပိုင်းနဲ့ တောင်သူ လယ်သမားများအပိုင်းက မျက်ခြေမပြတ်လေ့လာပြီး ရေရှည်ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရပိုင်းအနေနဲ့လည်း အခြေခံဈေးနှုန်းအောက် မရောက်အောင် မူဝါဒပိုင်းအရဖြစ်စေ၊ ပြည်ပ နိုင်ငံအစိုးရတွေနဲ့ချိတ်ဆက်ပြီး တင်ပို့ရောင်းချနိုင်အောင်ပဲဖြစ်စေ ကြိုးပမ်းလုပ်ဆောင်သွားရမှာဖြစ်ပါ တယ်။ အခြေခံဈေးနှုန်းက အခြေခံအကျဆုံးဖြစ်လို့ ဒီအခြေခံဈေးအောက် ရောက်မသွားအောင်လည်း သီးနှံတွေ စုပြုံပေါ်ထွက်လာချိန်မှာ ဝယ်လိုအားတိုးမြှင့်မယ့်အစီအစဉ်တွေကို ပုဂ္ဂလိကနဲ့အစိုးရက ပူးပေါင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ 
တောင်သူလယ်သမားများရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန်၊ လယ်ယာထွက်ကုန်များ အတွက် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းရရှိရန်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို တတ်နိုင်သမျှ ဖော်ဆောင်ပေးနိုင်ရန် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ပြဌာန်းထားကြောင်း၊ ယင်းဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ဒုသမ္မတ(၂) ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပြီး တောင်သူလယ်သမားကြီးများအနေဖြင့် တောင်းဆိုပိုင်ခွင့်၊ တိုက်တွန်းပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါဥပဒေ၌ ပြဌာန်းထားသည့် ဆောင်ရွက်ပေးရ မည့်လုပ်ငန်းများကို မဖြစ်မနေဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ယင်းတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ 


Eleven Media Group


0 comments:

Post a Comment