Friday, June 28, 2019

ထိုင်းရောက် မြန်မာလုပ်သားများအတွက် ထုတ်ပေးထားသော အထောက်အထားစာအုပ် သက်တမ်း ကုန်ဆုံးသည်အထိ နေထိုင် အလုပ်လုပ်ခွင့်ရရှိရန် မြန်မာဘက်က တောင်းဆိုထား


ထိုင်းနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအတွက် ထုတ်ပေးထားသော အထောက်အထား စာအုပ်များ သက်တမ်းကုန်ဆုံးသည်အထိ နေထိုင် အလုပ်လုပ်ခွင့် ရရှိရန် Asean Summit နှင့် ဆက်စပ် အစည်းအဝေးများ၌ မြန်မာဘက်က တောင်းဆိုထားကြောင်း ဇွန် ၂၇ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။ 
ထိုင်းနိုင်ငံတွင် ဇွန် ၂၃ ရက်က ကျင်းပခဲ့သော Asean Summit နှင့် ဆက်စပ် အစည်းအဝေးများ၌ တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမား သံအရာရှိရုံး တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဘက်ခြမ်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ထပ်မံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုအရ ထိုင်းနိုင်ငံအတွင်း ထုတ်ပေးထားခဲ့ပြီး ဖြစ်သော အထောက်အထား စာအုပ်များ သက်တမ်း ကုန်ဆုံးသည်အထိ (စာအုပ်သက်တမ်း) ဆက်လက် နေထိုင်အလုပ်လုပ်ခွင့် ရရှိရန်၊ MoU စနစ် ပြောင်းလဲချိန်တွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်အတိုင်း ကာလ ကန့်သတ်ချက် ပြင်ဆင် ချုပ်ဆိုနိုင်ရန်၊ Data Collection Center တွင် ထုတ်ယူထားသော PJ စာအုပ် များ (ME Bangkok) များကို စာအုပ်သက်တမ်းပေါ် မူတည်၍ MoU စနစ် ပြောင်းလဲချိန်တွင် ဆက်လက် အသုံးပြုနိုင်ရန် စသည့် အချက်များကို မြန်မာဘက်က တောင်းဆိုထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါ အချက်များကို ထိုင်းအလုပ်သမား ဝန်ကြီးဌာနဘက်က ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကာ အတည်ပြု ဆုံးဖြတ်ချက် ရရှိပါက အခြားသော လုပ်ငန်းဆက်စပ်လျက် ရှိသည့် ဌာနများသို့ ဆက်လက် အကြောင်းကြားပေးမည် ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ 
ထိုင်းနိုင်ငံ၏ MoU စနစ် ပြောင်းလဲရေးဆိုင်ရာ မူဝါဒတွင် လက်ရှိ ဆောင်ရွက်နေသည့် MoU Uturn စနစ်ထက် ပိုမို အဆင်ပြေသော၊ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပေါ်စေရေး၊ အချိန်ယူ ဆောင်ရွက်ရသည့် အခက်အခဲများ လျှော့ချနိုင်ရေး၊ အချို့သော လုပ်ငန်းစဉ်များ လျှော့ချခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများအတွက်ကိုလည်း Working Group အစည်းအဝေးများတွင် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်နိုင်ငံ Bi Lateral Meeting တွင် တင်ပြ အတည်ပြုနိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ 
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမားများ အားလုံး၏ ခံစားချက်များ၊ ဖြစ်လိုသည်များ၊ အခက်အခဲများ အားလုံးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိရုံးက သိရှိ နားလည်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ မူဝါဒ အပြောင်းအလဲအပေါ်တွင် မြန်မာနိုင်ငံသားများ အားလုံး အစဉ်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံသားများ အားလုံးရှေ့မှ ရပ်တည်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးက အသိပေးချက် ထုတ်ပြန်ထားသည်။              

Eleven Media Group 

0 comments:

Post a Comment