Friday, June 28, 2019

စိတ်ကြွဆေးပြားထုတ်လုပ်ရာ၌သုံးသည့် အဓိကကုန်ကြမ်းဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ တင်သွင်းလျက်ရှိသည်ကိုတွေ့ရကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား


စိတ်ကြဆေးပြားများ ထုတ်လုပ်ရာ၌ အဓိကကုန်ကြမ်းပစ္စည်းဖြစ်သည့် ဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ တင်သွင်းလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇွန် ၂၆ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။ 
မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်သူများသည် တရားမဝင်မှောင်ခိုမှု၊ မသမာမှုပြုကြရာတွင် ဘိန်းနှင့် ဘိန်းဖြူအစား ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် မသက်ဆိုင်သည့် ဓာတုပစ္စည်းများကို အခြေခံပြီး ဖော်စပ်ထုတ်လုပ်သော စိတ်ကြွရူးသွပ်ဆေးပြား၊ ဆူဒိုအက်ဖီဒရင်း၊ ECSTASY (အက်တက်စီ)၊ KATAMINE (ကက်တမင်း)၊ICE (အိုက်စ်) ကဲ့သို့ ခေတ်ပေါ်ဆေးဝါးများ နေရာယူလာ တာတွေ့ရသလို စိတ်ကြွရူးသွပ်ဆေးပြားများ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းပစ္စည်းဖြစ်သည့် ဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ တင်သွင်းလာခြင်းကို တွေ့ရကြောင်း၊ အိမ်သုံး ဆေးဝါးအဖြစ် ရည်ရွယ်ထုတ်လုပ်ထားသည့် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဝင်သည့် ဆေးဝါးများသည် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အဓိကအစားထိုးသုံးစွဲလာသည့်အတွက် အလေးထားတားဆီးလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ 
မူးယစ်ဆေးဝါးဖြစ်သည့် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားများကို သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းများ ဆောင်ရွက်မိလျှင် မိမိကိုယ်တိုင်သာမက မိသားစုတစ်ခုလုံးပါ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ ပျက်ပြားစေပြီး လူမှုဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မူးယစ်စေတတ်သော ဆေးဝါးများကို စွဲလန်းစွာသုံးစွဲပါက မူးယစ်ဆေး ၀ါးအန္တရာယ်ကြောင့် ဘေးဒုက္ခမျိုးစုံနှင့် မလွဲဧကန် ကြုံတွေ့ရမှာဖြစ်ပြီး အကျိုးဆက်ဖြစ်သည့် HIV /AIDS စသည့် ရောဂါများကြောင့်လည်း လူငယ်များ၏ ဘဝသည်ပျက်စီးဆုံးရှုံးသွားမှာဖြစ်ကြောင်း၊ လူငယ်များ၏ ဘဝနှင့် လူသားအားလုံး၏ ဘဝပတ်ဝန်းကျင်တစ်ခု လုံးမှာပါ မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက်မလာနိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာပူးပေါင်းပါဝင်ပြီး ကာကွယ်တွန်းလှန် ဖြိုဖျက်ကြရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့သည်။ 
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းသာမက နိုင်ငံတကာနှင့်ပါ ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ပြည်သူလူထုများမှလည်း အဓိကအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ပြည်သူများအား ပညာပေးလှုံ့ဆော်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို မူးယစ်ဗဟိုအောက်ရှိ လုပ်ငန်းအဖွဲ့များအလိုက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲမှုပပျောက်ရေးနှင့် ဆက်နွှယ်သည့် မူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်းသူများမှတစ်ဆင့် HIV/AIDS ကူးစက်မှုအန္တရာယ်လျော့နည်းပ ပျောက်ရေးကိုလည်း နိုင်ငံတော်အနေဖြင့် UN,NGO,INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment