Wednesday, June 26, 2019

ယခင် မ.ထ.သ စနစ်ထက် ယခု YBS စနစ်လက်ထက်၌ ၀င်ငွေ ၃၀ ရာခိုင်နှုန်းလျော့နည်းသွားဟု ဆို


လက်ရှိ YBS စနစ်တွင် ကောက်ခံနေသည့် ယာဉ်စီးခနှုန်းထားသည် မ.ထ.သစနစ်ထက် လျော့နည်းသွားသဖြင့် ယခင်ထက်ဝင်ငွေ ၃၀ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း Power Eleven ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 
ယခင် မ.ထ.သလက်တွင် ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ် ခရီးစဉ်အစ/အဆုံး ၃၀၀ ကျပ် ကောက်ခံခဲ့ပြီး YBS စနစ်သို့စတင်ပြောင်းလဲပြေးဆွဲချိန်တွင် YRTA မှ ခရီးသွားပြည်သူအားလုံးအဆင်ပြေစေနိုင်မည့် နှုန်းထားတစ်ခုဖြစ်သည့် ပုံသေ ၂၀၀ ကျပ်ကောက်ခံစေခဲ့ကြောင်း သိရသည်။ 
“ လက်ရှိယာဉ်စီးခက မ.ထ.သစနစ်ထက်စာရင် နည်းသွားတယ်။ ဝင်ငွေကလည်း ၃၀ ရာခိုင်နှုန်း လျော့သွားတယ်။ တိုးမပေးရင်တောင်မှ အရင်ထက်မလျော့ဖို့တောင်းဆိုချင်တယ်”ဟု Power Eleven ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)သို့ အကုန်သိသတင်းဌာနမှဆက်သွယ်မေးမြန်းရာ၌ ဥက္ကဋ္ဌကိုသာ တိုက်ရိုက် မေးမြန်းရန် YRTA မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြန်လည်ဖြေကြားခဲ့သည်။ 
“ ကျွန်တော်တို့က ခရီးသည်တွေကိုဝန်ဆောင်မှုကောင်းကောင်းပေးတယ်။ ဒါပေမဲ့ ဝန်ဆောင်မှုကောင်း ပေးပေမယ့်လည်း ယာဉ်စီးခက ဒီအတိုင်းပဲ။ မပြောင်းလဲသွားဘူး။ ဝန်ဆောင်မှုမပေးတဲ့ယာဉ်လိုင်းတွေလည်း ရှိပါတယ်။ ကောက်ခံတဲ့နှုန်းထားချင်းကတူနေတော့ အဆင်မပြေဘူး။ YRTA အနေနဲ့ ပြန်လည် စဉ်းစားပေးစေချင်တယ်”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။ 
ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၀၀ နှင့် ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ဖြင့် ခရီးသည် ၂ ဒဿမ ၈ သန်းခန့်ကို ဝန်ဆောင်မှုပေးနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေးနှင့် ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတတ်တို့တွင် ရှယ်ယာထည့်ဝင်၍ ပြေးဆွဲပေးနေကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း အစိုးရ၏ တတိယတစ်နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် YBS အကြွေးအားလုံးကျေပြီဟု ပြောကြားထားသည်။ 

စုသက်နှင်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment