Thursday, June 27, 2019

ရေပေါ်ဈေးများ၊ နိုင်ငံတကာစက်ရုံများ ပါဝင်သော လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည် ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များအား လာရောက် ရှင်းလင်း


ရေပေါ်ဈေးများ၊ နိုင်ငံတကာ ထုတ်ကုန်များ ပါဝင်မည့် လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ် စီမံကိန်းများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဇွန် ၂၅ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းခဲ့သည်။ 
လှည်းကူးမြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ် စီမံကိန်းအား ၁၃၄၆ ဒသမ ၅၇ ဧကတွင် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ အကျိုးခံစားခွင့် ပြန်လည် ပေးအပ်ရမည့်မြေသည်၂၆၄ ဒသမ ၇၀ ဧက ရှိကြောင်း၊ လမ်းမြေသည် ၅၃ ဒသမ ၅၆ ဧက ရှိမည်ဖြစ်ကြောင်း၊ ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်စီမံကိန်း မြေအကျယ်အဝန်း ၂၂၂၀ ဒသမ ၈၂ ဧက ရှိကြောင်း သိရသည်။ 
“ဒါတွေ အားလုံးက ညှိနှိုင်းပြီးသားတွေလို့ ဝန်ကြီးက ပြောတယ်။ မနေ့က ဝန်ကြီးက ပါဝါပွိုင့်တွေနဲ့ရော လယ်သမားတွေနဲ့ တွေ့ဆုံခဲ့တာတွေကို ရှင်းပြသွားတယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။ 
ထန်းတပင်မြို့နယ် စက်မှုဥယျာဉ် စီမံကိန်းတွင် စက်မှုလုပ်ငန်း စက်ရုံများ၊ လူနေအိမ်များ၊ အသေးစား အလတ်စားနှင့် ပတ်သက်သည့် လုပ်ငန်းများနှင့် နည်းပညာစက်ရုံများ ပါဝင်မည်ဖြစ်ကာ Phase 1, Phase2, Phase3 တို့ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရေပေါ်ဈေးနှင့် ရေပေါ် အပန်းဖြေစခန်းများလည်း ပါဝင်မည် ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။ 
“နာမည်ကြီး စက်ရုံတွေ၊ ဘာတွေပါမယ်။ ဟောင်ကောင်တို့၊ ထိုင်ဝမ်တို့က နာမည်ကြီး ကုမ္ပဏီကြီးတွေ ပါမယ်။ အထည်ချုပ်လုပ်ငန်းတွေ ပါမယ်။ တစ်ကမ္ဘာလုံးကို ဖြန့်နေတဲ့ သတိုးသမီးဝတ်စုံ ချုပ်တဲ့လုပ်ငန်းတွေ ပါမယ်။ Branded စက်ရုံတွေပါ ပါမယ်လို့ ဝန်ကြီးက ပြောတယ်” ဟု ၎င်းက ဆိုသည်။ 
ထို့ပြင် လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ် စီမံကိန်းအား စင်ကာပူမှ ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်း လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်ကာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။ 
“ဝန်ကြီး ရှင်းပြတာကတော့ ကိုးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၂ သန်းလောက် ရှိမယ်လို့ မှန်းထားတယ်။ အဲဒါက လှည်းကူးအတွက်ပဲ၊ အလုပ်အကိုင် ရှာဖွေပေးနိုင်မှုကလည်း လူဦးရေ ခုနစ်သောင်းခွဲလောက်အတွက် ရှာဖွေပေးနိုင်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ 
စီမံကိန်း အကောင်အထည် ပေါ်ပေါက်လာကာ အခြေခံ အဆောက်အအုံများ ပေါ်လာသည့်အချိန်တွင် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ရှိလာနိုင်ကြောင်း သိရသည်။ 
“ဒီကနေ ထုတ်ကုန် တန်ဖိုးတွေကလည်း အမေရိကန် ဒေါ်လာ ၇ ဒသမ၂ ဘီလျံလောက် ဖြစ်နိုင်တယ်လို့ မျှော်မှန်းထားကြတယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။ 
လှည်းကူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တွင် ဖော်ဆောင်မည့် စက်မှုဥယျာဉ် စီမံကိန်းအား လွှတ်တော်သို့ မတင်ပြမီ လုပ်ဆောင်နေသည့် ကိစ္စများကို ရှင်းလင်းခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။ 
“ဝန်ကြီး ပြောသွားတဲ့ အထဲမှာတော့ လယ်သမားတွေက သဘောတူပြီးသွားပြီပေါ့၊ အဲဒါကို လာမယ့် နောက်လွှတ်တော် အစည်းအဝေးမှာ တင်ပြီးတော့ လွှတ်တော် ဆုံးဖြတ်ချက် ရယူမယ်ပေါ့။ ပြီးတော့မှ Center ကို တစ်ဆင့်ထက်တင်။ ပြီးတော့မှ ပြည်ထောင်စ လွှတ်တော်ကို ဖြတ်သန်းပြီးတော့မှ ဆက်လုပ်မယ့် အလုပ်။ လွှတ်တော်ကို မဖြတ်သန်းခင် ကိုယ်စားလှယ်တွေကို ဆွေးနွေးတဲ့ သဘောပေါ့” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment