Sunday, June 30, 2019

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီနှင့် ကရင်ပြည်နယ်တွင် နေရာကွက်မိုးကြီးမည်


ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင် ဒေသအလိုက်မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေကာ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။ 
အဆိုပါလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ 
ထို့အပြင် မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု သိရသည်။ 
နောက်ရက်အတွင်း ရခိုင်ကမ်းရိုးတမ်းဒေသများတွင် မိုးဆက်လက်ပိုနေမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အနီးတ၀ိုက်တွင် နေရာကွက်ကြား ရာနှုန်းပြည့်မိုးထစ်ချုန်းရာမည်ဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။ 
သတင်း – ကိုကို
ဓာတ်ပုံ - မိုးဇလ 
The Standard Time Daily 

0 comments:

Post a Comment