Sunday, June 30, 2019

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၄ ဦး ထပ်မံနုတ်ထွက်စာတင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦး ထပ်မံပြီး နုတ်ထွက်စာတင်လိုက်ကြောင်း သိရသည်။ 
ဇွန်ပထမပတ်က ကျောက်တော်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၈ ဦး နုတ်ထွက်စာတင်ခဲ့ပြီးနောက် ဇွန် ၂၈ ရက်တွင် ထပ်မံပြီးနုတ်ထွက်စာတင်သူများ ဖြစ်ကြောင်းလည်း သိရသည်။ 
“စုပေါင်းလက်မှတ်ရေးထိုးပြီး ၂၈ ရက် နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို နုတ်ထွက်စာတင်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က ရပ်ရွာအေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေတာ ဖြစ်ပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမှုဖွင့်တာ၊ ဖမ်းဆီးတာမျိုးတွေရှိလာတော့ စိုးရိမ်တယ်။ မြို့နယ်အဆင့်ကလည်း ဘာမှကာကွယ်မပေးဘူးဆိုတော့ ကျွန်တော်တို့ဘက်ကလည်း သာမန်အရပ်သားအဖြစ်နဲ့သာ နေလိုတယ်။ ခြိမ်းခြောက်လာမှာမျိုးကို စိုးရိမ်လို့ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။ 
ကျောက်တော်မြို့နယ်အတွင်း ရပ်ကွက်လေးခုနှင့်ကျေးရွာပေါင်း ၈၀ ရှိကြောင်း သိရှိရပြီးယင်းတို့အနက် အုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက်စာတင်ထားကြပြီးဖြစ်ကာ လက်ရှိတွင် ယင်းသို့နုတ်ထွက်စာ တင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြတ်သားစွာ ဆုံးဖြတ်ထားခြင်းမျိုး မရှိသေးသည့်အပြင် အုပ်ချုပ်ရေးမှူးအသစ် တင်မြှောက်ထားခြင်းလည်း မရှိသေးကြောင်း သိရသည်။ 
ကျောက်တော်မြို့နယ်အတွင်း နုတ်ထွက်ထားသည့် အုပ်ချုပ်ရေးမှူးများ၏ ကျေးရွာများမှ လယ်သမားများ ချေးငွေထုတ်ချေးခွင့် မရဖြစ်နေသဖြင့် အခက်တွေ့နေရကြောင်း သိရသည်။ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေထုတ်ချေးရာတွင် တာဝန်ခံမည့်သူ မရှိသဖြင့် ထုတ်ချေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်းသိရပြီး ယင်းသို့ရပ်ဆိုင်းထားသည့်အတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ လက်ရှိတွင် လယ်ဆင်းချိန်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ငွေကြေးသုံးစွဲရန် လိုအပ်နေကြောင်းလည်း လယ်သမားများထံမှ သိရသည်။ 
သို့သော် ယင်းကိစ္စအပေါ် အဆင်ပြေစေနိုင်ရေးအတွက် တင်ပြထားခြင်းများရှိကြောင်း၊ ချေးငွေထုတ်ချေးပေးနိုင်ရန် လိုအပ်သည့် စိစစ်မှုများလုပ်ဆောင်ပေးရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးပိုင်းကို တင်ပြထားသဖြင့် မကြာသောအချိန်တွင် ထုတ်ချေးပေးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment