Friday, June 28, 2019

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတတိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးရန် ပါတီနှင့် နိုင်ငံရေးအင်အားစုများပါဝင်သည့် အဖွဲ့အစည်းကိုးဖွဲ့ တောင်းဆို

စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်သမ္မတတိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုကိုးဖွဲ့က တောင်းဆိုတိုက်တွန်းသည်။ 
အထက်ပါ နိုင်ငံရေးအင်အားစုများသည် ‘ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်’ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း ငြိမ်းချမ်းရေးစကားဝိုင်း နှစ်ကြိမ်ကျင်းပခဲ့ပြီး ယင်းလှုပ်ရှားမှု၏ နောက်ဆက်တွဲ လှုပ်ရှားမှုအဖြစ် အဖွဲ့ဝင် ၁၄ ဦးပါ လေ့လာရေးအဖွဲ့သည် ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီးစဉ် သွားရောက်ကာ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များအပါအဝင် တောင်းဆိုချက်သုံးချက်ပါ အိတ်ဖွင့်ပေးစာကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 
စစ်ပွဲများ ဆောလျင်စွာရပ်စဲပြီး နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် အားသွန်ခွန်စိုက်ကြိုးပမ်းပေးရန်၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာအရပ်ရပ်ကို နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ကာ ဆွေးနွေးအဖြေရှာရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တာဝန်ရှိသူအားလုံးကို အကြံပြုတိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။ 
“နိုင်ငံတော်သမ္မတသည် နိုင်ငံတစ်ခုလုံးရဲ့ အကြီးအကဲဖြစ်တယ်။ အဲဒီတော့ တိုင်းပြည်မှာ ဒုက္ခရောက်နေပြီဆိုရင် အတိုင်တည်ချင်ဆုံးက သမ္မတပဲ။ အကြီးအကဲဆုံးကို တိုင်တည်ချင်တာ။ ဒါနံပါတ်တစ်ဖြစ်တယ်။ နံပါတ်နှစ်ကတော့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းတဲ့ ဗိုလ်မှူးချုပ် အဲဒီတစ်ယောက်ပြောတာ ရှိပါတယ်။ သမ္မတကြီးကသာ စစ်ပွဲကို ရပ်ခိုင်းရင် သူတို့ရပ်ပါမယ်။ ဒီလိုပြောတာ ရှိပါတယ်။ ဒါသိပ်အရေးကြီးပါတယ်။ အဲဒီတော့ အခရာသည် ဘယ်နေရာမှာလဲ။ အခရာက နှစ်နေရာ၊ သုံးနေရာရှိပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခရာကို စပြီးစကားပြောတာပါ။ တကယ်ကတော့ ကာချုပ်နဲ့ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်စေ၊ ဦးဝင်းမြင့်နဲ့ဖြစ်စေ ဘယ်သူနဲ့မဆို စကားပြောချင်ပါတယ်။ ဆွေးနွေးချင်ပါတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောကြားသည်။ 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆ တွင် နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်ဟု ပြဌာန်းထားသည်။ 
အဖွဲ့ဝင် ၁၄ ဦးပါ ရခိုင်ပြည်နယ် လေ့လာရေးအဖွဲ့သည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံလူမှုအဖွဲ့အစည်းများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
စစ်ရှောင်စခန်းများရှိ ပြည်သူများအား အစိုးရ၏ စားနပ်ရိက္ခာထောက်ပံ့မှုများမှာ လုံလောက်မှုမရှိကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ World Food Program၊ ICRC နှင့် NGO အချို့သာ အဓိကမှီခိုနေရပြီး ယင်းအပေါ် အစိုးရကတားဆီးကန့်သတ်မှုများ ရှိနေကြောင်း၊ သုံးရက်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးသော်လည်း လုံလောက်မှုမရှိကြောင်း၊ ကလေးငယ်များ၏ ပညာသင်ကြားရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ စိုက်ပျိုးရာသီချိန် ရောက်ရှိနေ၍ နေရပ်သို့ အမြန်ပြန်နိုင်ရေး ကူညီပေးစေလိုကြောင်းတို့ကို စစ်ဘေးရှောင် ပြည်သူများက ပြောကြားကြသည်ဟု လေ့လာရေးခရီး သွားရောက်ရာတွင်ပါဝင်သူများက ပြောကြားသည်။ 
ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုအပြုံလိုက် နုတ်ထွက်မှုကြောင့် အုပ်ချုပ်ရေးကို ခက်ခဲစွာ ဆောင်ရွက်နေရသည်ကိုလည်း အစိုးရတာဝန်ရှိသူများထံမှ ကြားသိခဲ့ရကြောင်းအပါအဝင် အချက် ၁၅ ချက်ပါ လေ့လာတွေ့ရှိချက်များကို အိတ်ဖွင့်ပေးစာတွင် တစ်ပါတည်း ထည့်သွင်း ဖော်ပြထားသည်။ 
ဇွန် ၁၆ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၆၀ ကျော် ရှိပြီး စစ်ဘေးဒုက္ခသည်ပေါင်း ငါးသောင်းဝန်းကျင်ရှိနေသည်ကို သိရှိရသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။ 
ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (UNDO)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (UABFSU) တို့မှ တာဝန်ရှိသူများ ပါဝင်ကြသည်ဟု သိသည်။ 
တပ်မတော်၏ အပစ်ရပ်တိုင်းစစ်ဌာန ချုပ်ငါးခုတွင် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်ခဲ့မှုနောက်ပိုင်း တပ်မတော်နှင့် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှု မြင့်တက်လာခဲ့သည်။ 


Eleven Media Group 

0 comments:

Post a Comment