Friday, June 28, 2019

ခြေ/ဥ ပါ ပုဒ်မ ၄၃၅ ကို ထပ်မံ အဓိပ္ပာယ်ဖွင့်စရာမရှိဟု ရှေ့နေချုပ်ရုံး လျှောက်လဲချက်ပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ ကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် အခြေခံဥပဒေခုံရုံးသို့ တင်သွင်းထားခြင်းကို ထပ်မံအဓိပ္ပါယ်ဖွင့်ဆိုစရာမရှိဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးက လျောက်လဲချက်ပေးကြောင်း ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က မီဒီယာများကိုပြောသည်။ 
အခြေခံဥပဒေခုံရုံး၌ အဓိပ္ပာယ်ဖွင့်ရန် တင်သွင်းထားသူတို့နှင့် လွှတ်တော်မှ တာဝန်ရှိသူတို့ နှစ်ဖက်အပြန်အလှန် တင်သွင်းသည့် လျှောက်လဲချက်ကို ဇွန်လ ၂၇ ရက်နေ့တွင် ကြားနာကာ ရှေ့နေချုပ်ရုံးမှ အထက်ပါအတိုင်း ခုံရုံးထံ လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပါပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် လွှတ်တော်သို့တင် သွင်းခဲ့ရာတွင် ယင်းပြင်ဆင်ချက်ကို ဥပဒေတစ်ခုလုံးကို လေ့လာစိစစ်ပြင်ဆင်မည့် ပူးပေါင်းကော်မတီထံ ထည့်သွင်းလုပ်ဆောင်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းကြောင့် ခုံရုံးထံ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။ 
ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ 
အထက်ပါကိစ္စနှင့် ပက်သတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးသောင်းအေးထံ ဆက်သွယ်မေးမြန်းရာတွင် ၄င်းအနေဖြင့် ကိုယ်စားလှယ်ရှေ့နေလွဲထားသော်လည်း အကြမ်းဖျင်းအားဖြင့် သာမန်လျှောက်လဲသည့် သဘောသာရှိသေးကြောင်း မှတ်ချက်ပေးသည်။

The Voice

0 comments:

Post a Comment