Wednesday, June 26, 2019

ကိုကျော်ဇင်ဝင်းသေဆုံးမှုတွင် ပယောဂမကင်းကြောင်းသံသယရှိသူ ၃ ဦးအား ဆေးစစ်ချက်ထွက်ပြီးမှ ရဲလုပ်ငန်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်


လိင်စိတ်ကွဲပြားသူအဖြစ် ခွဲခြားဆက်ဆံခံရသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ MIU မှ Librarian ကိုကျော်ဇင်ဝင်း သေဆုံးမှုတွင် ပယောဂမကင်းကြောင်းသံသယရှိသူ ၃ ဦးအား ဆေးစစ်ချက်ထွက်လာသည့်အပေါ်မူတည်၍ ရဲလုပ်ငန်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သာကေတ မြို့မရဲစခန်းမှ သိရသည်။ 
"ကျွန်တော်တို့က ရန်ကုန်ဆေးရုံကြီးက ဆေးစာပြန်ကျလာမှ အလုပ်ဆက်လုပ်လို့ရမယ်။ သူသောက်တဲ့ဆေးက ဘာဆေးလဲ၊ အဆိပ် ဟုတ်၊ မဟုတ် သိရဖို့ ဆေးစာစောင့်နေပါတယ်။ ဆေးစစ်ချက်ကျလာရင် တရားရုံးတင်မယ်။ သက်သေတွေ ခေါ်ယူစစ်ဆေးမယ်။ ဆေးသောက်သေတာကတော့ သူ့စိတ်နဲ့သူသောက်တာပေါ့။ ဒါပေမဲ့ ဖိအားပေးတာတို့ တခြားအကြောင်းတို့ကို နောက်ပိုင်းဆက်ပြီး စစ်ဆေးမယ်၊ မစစ်ဆေးဘူးဆိုတာတော့ ဆေးစာထွက်လာတာနဲ့ တရားစွဲတင်မှုအပေါ် မူတည်ပါတယ်"ဟု သာကေတ မြို့မရဲစခန်းမှတာဝန်ရှိသူတဦးက News Watch သို့ပြောသည်။ 
အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူသုံးဦးအား အလုပ်မှယာယီရပ်ဆိုင်းထားကြောင်း Myanmar Imperial University က ဇွန် ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားပြီး သက်ဆိုင်သူများအား တရားဥပဒေအတိုင်း စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် MIU အုပ်ချုပ်ရေးအဖွဲ့မှ ဇွန် ၂၆ ရက်က သာကေတမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ထူပါရုံ ၁ ရပ်ကွက် အနောက် ၁၃ လမ်းနေ ကိုကျော်ဇင်ဝင်း(ခ)ကစ်ကစ်၊ (၂၆)နှစ်မှာ ဇွန် ၂၄ ရက်၊ နံနက်ပိုင်းက နေအိမ်တွင် အော့အန်ကာ မျက်ဖြူများဆိုက်နေသဖြင့် စံပြဆေးရုံသို့ပို့ဆောင်၍ဆေးကုသမှုခံယူခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။ 
ကိုကျော်ဇင်ဝင်း(ခ)ကစ်ကစ်သည် Myanmar Imperial University(MIU) ၌ စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်တချို့မှ လိင်စိတ်ကွဲပြားသူဟုဆိုကာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ခံရသဖြင့် ဆေးအလွန်အကျွံသောက်သုံး၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။ 
ယင်းသို့ ဆေးအလွန်အကျွံသောက်၍ မသေဆုံးမီ ဇွန် ၂၃ ရက် နက်နံပိုင်းက ၎င်း၏ Facebook အကောင့်ပေါ်တွင် "ဘဝဆက်တိုင်းဆက်တိုင်းမှာ လူကြီးနဲ့လူငယ်မှာ လူငယ်ဘယ်လောက်မှန်မှန် လူငယ်ကပဲ တောင်းပန်ရမယ် လူကြီးက ဘာလုပ်လုပ်အကုန်အမှန်ဆိုတဲ့နိုင်ငံ၊ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို လှောင်ပြောင်တဲ့နိုင်ငံ၊ အထက်ဖားအောက်ဖိတွေပေါသောနိုင်ငံ၊ ရာထူးရှိနဲ့ ရာထူးမဲ့မှာ ရာထူးမဲ့ဘယ်လောက်မှန်နေနေ အမှန်တရားကိုပြောပြ ထောက်ပြလို့မရသောနိုင်ငံ၊ ဒီလိုနိင်ငံမျိုးမှာ လူမဖြစ်ပါရစေနဲ့။ သားမရှိလည်း သားကို သတိရနေပေးကြပါ သားကြိုးစားခဲ့ပါသေးတယ်"အစရှိသည့် စာသာများတင်ခဲ့သည်။ 
ထို့အပြင် အဖွားဖြစ်သူဒေါ်စောနန်းအားလည်း "အဖွားကို သားကန်တော့ပါရစေ"ဟုဆိုကာ ကန်တော့ခဲ့ပြီး "သားအဝေးကြီးကိုထွက်သွားတော့မယ်"လို့ ပြောကြားခဲ့ကြောင်း ကိုကျော်ဇင်ဝင်း၏ မိသားစုထံမှ သိရသည်။ 
လက်ရှိတွင် ကိုကျော်ဇင်ဝင်း သေဆုံမှုနှင့်ပတ်သက်ပြီး သာကေတမြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 
ကျော်သူ
News Watch 

0 comments:

Post a Comment