Friday, June 28, 2019

ဧရာဝတီတိုင်းတွင် ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း သင်္ဘောဆိပ် တည်ဆောက်မည်


ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်း ပင်လယ်ကမ်းခြေဒေသ နံသာပုကျေးရွာ ပုလ္လပင်ချိုင် ကမ်းခြေတွင် ပင်လယ်ပြင် ထောက်ပံ့စခန်းနှင့် သင်္ဘောဆိပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ သဘောတူ ခွင့်ပြုချက် ရရှိထားပြီး၊ သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက တရားဝင် အတည်ပြု ထုတ်ပြန်ပေးထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံ လက်မှတ်ရရှိပြီးဖြစ်သော MPRL E & P Group of Companies ၏” မြင့်အင်(န်) အဆိုစီရိတ် (စ်) ကမ်းလွန် ၀န်ဆောင်အမှုလုပ်ငန်း လီမီတက်” Myint & Associates Offshore Supply Base Ltd မှ တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ 
“သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်လာမယ်ဆိုရင် ဒေသခံတွေ ကျေနပ်အဆင်ပြေတဲ့အထိ လုပ်ပေးပါမယ်ဆိုတဲ့ ကတိက၀တ် လက်မှတ်ရေးထိုးပြီးပါပြီ။ တိုင်းပြည်အတွက် ဂျီဒီပီ (GDP) လည်းတက်လာမှာ ဖြစ်တယ်”ဟု ၄င်းက ဆက်ပြောသည်။ 
ယင်းပင်လယ်ပြင် ထောက်ပံ့ရေး စခန်းနှင့် သင်္ဘောဆိပ်မှတစ်ဆင့် မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက်များ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်သွားမည့် ရေနံရှာဖွေ တူးဖေါ်သည့် လုပ်ငန်းများသို့ အထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင် သိုလှောင်သည့် ကမ်းလွန်ဝန်ဆောင်မှု လုပ်ငန်းများအတွက် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ကြောင်း MPRL E & P Group of Companies ၏ အမှုဆောင်မန်နေဂျာ ဦးတင့်ဆွေက ပြောသည်။ 
“နိုင်ငံနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်အရ ဖေါ်ဆောင်တာမို့ လက်မခံနိုင်စရာ မရှိပေမယ့် ဒေသရဲ့ သဘာဝအရင်းအမြစ်တွေပေါ် မှိခိုနေကြရတဲ့ လူမှုအသက်မွေး ၀မ်းကြောင်းမှုတွေ ပျက်စီးကုန်မှာကို ဒေသခံအားလုံးက စိုးရိမ်မှုတွေ ရှိနေတယ် အစိုးရအနေနဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု လုပ်ပေးစေချင်တယ်”ဟု ဒေသခံ ဦးမောင်ကံက ပြောသည်။ 
စီမံကိန်းတွင် ပါဝင်သောမြေဧရိယာမှာ ဟက်တာ ၅၀ ရှိမည်ဖြစ်ပြီး သင်္ဘောဆိပ်ကမ်း တံတားမှာ အရှည် ၉၈၅ ပေနှင့် အကျယ် ၉၈ ပေရှိကာ ပေ ၃၀၀ အရှည်ရှိ ပင်လယ်ကူး သင်္ဘော ၃ စီး ခန့် ၀င်ထွက် ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ ၅၅ သန်းဖြစ်ကြောင်း MPRL E & P Group of Companies မှ သိရသည်။

The Voice

0 comments:

Post a Comment