Tuesday, June 25, 2019

ကာဇက်စတန်တွင် လက်နက်ခဲယမ်း ကုန်လှောင်ရုံ ပေါက်ကွဲ၊ ၁ ဦးသေဆုံး


ကာဇက်စတန်နိုင်ငံ အာရစ်စ်မြို့က လက်နက်ခဲယမ်း ကုန်လှောင်ရုံတခုမှာ ဇွန်လ ၂၄ ရက်က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး လူတယောက်သေဆုံးကာ ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး အူမီယာဇက် ရှုခေယက်ဗ်က ပြောပါတယ်။ 
ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် အစိုးရက လူလေးသောင်းလေးထောင်ရှိတဲ့ မြို့ကို ဘေးကင်းရာရွှေ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ 
နိုင်ငံတောင်ပိုင်း တာကက်စတန်ခရိုင်ထဲက အာရစ်စ်မြို့အနီး စစ်တပ် အခြေစိုက်စခန်းမှာ ခုလိုပေါက်ကွဲခဲ့တာပါ။ 
ဒီစခန်းထဲက ဆိုဗီယက်ခေတ် ကုန်လှောင်ရုံထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်စေခဲ့တဲ့ မီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိရသေးပါဘူး။ 
စစ်သားတွေက အဝေးပြေးလမ်းပေါ်က ကားနှစ်စီးကို တားပြီး ကုန်လှောင်ရုံတွေထဲကနေ ခေါ်ထုတ်လာတဲ့ အရပ်သားအတော်များများကို ခေါ်သွားဖို့ ကားသမားတွေကို အမိန့်ပေးနေတာကိုလည်း တွေ့ရပါတယ်။ 
ဒေသခံပြည်သူတွေ ဘေးကင်းရေး သေချာအောင်လုပ်ဖို့နဲ့ ပေါက်ကွဲမှုတွေဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို အမိန့်ပေးထားတယ်လို့ ကာဇက်သမ္မတ ကက်ဆင်မ် ယိုမတ် တိုကာယက်ဗ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။ 
သမ္မတဟာ အကြီးတန်းအရာရှိတွေနဲ့အတူ အာရစ်စ်မြို့ဆီ ကိုယ်တိုင်သွားနေတယ်လို့ သူ့ရဲ့ ပြောခွင့်ရက ဆိုပါတယ်။

DVB

0 comments:

Post a Comment