Tuesday, June 25, 2019

အချို့ဌာနဆိုင်ရာများ၌ အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိ မျက်စိမှိတ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား


အချို့ဌာနဆိုင်ရာများ၌ အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိ မျက်စိမှိတ် ဆောင်ရွက်နေဆဲဖြစ်ကြောင်းကို ကြားသိနေရကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇွန် ၂၄ ရက် နံနက် ၉ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိရေးခေါင်းစဉ်ဖြင့် ကျင်းပသည့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။ 
“ပြည်သူများမှ ပေးပို့သည့် သတင်းများ၊ တိုင်ကြားစာများအရ ယနေ့အချိန်အထိ အချို့ဌာနဆိုင်ရာများမှာ အဂတိလိုက်စားမှုကို ပယ်ဖျောက်နိုင်ခြင်းမရှိ၊ မျက်စိမှိတ်ဆောင်ရွက်နေဆဲဆိုတာ ကြားသိနေရပါတယ်။ ပြည်သူများအား ဝန်ဆောင်မှုပေးခြင်း၊ လုပ်ပိုင်ခွင့်၊ ခွင့်ပြုမိန့်များပေးသည့်နေရာများမှာ ရိုးသားသည့် နွမ်းပါးသည့်ပြည်သူများအတွက်မူ ရုံးလုပ်ထုံးလုပ်နည်းတို့ကို အကြောင်းပြ၊ ကာလအကန့်အသတ်မရှိ အချိန်များကြန့်ကြာအောင် ဆောင်ရွက်နေပြီး ငွေကြေးပေးနိုင်တဲ့ လုပ်ငန်းရှင်များအတွက်မူ နေ့ချင်းညချင်း ဆောင်ရွက်နေမှုများ၊ မတော်လောဘဖြင့် ငွေကြေးအများအပြားပေးမှ ထုတ်ပေးရမယ့် ပုံစံများထုတ်ပေးခြင်း၊ လိုအပ်သည်များ လုပ်ပေးခြင်းတိုကို ပွဲစားဆန်ဆန်ဆောင်ရွက်နေသူများလည်း အမြန်ဆုံးသတိနဲ့ပြင်ဆင်သွားကြဖို့ ၊ မပြင်ဆင်နိုင်ပါက ပြည်သူရဲ့ဒဏ်ခတ်မှုကို ခံကြရမှာဖြစ်ပါကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောကြားလိုပါတယ်။ ပြည်သူများမှ တိုင်ကြားလာပါက အဖြစ်မှန်ကို ဖော်ထုတ်ပြီး မှန်ကန်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ဒေါက်တာအေးဇံက ပြောကြားသည်။ 
၎င်းကဆက်လက်ပြီး “အဂတိလိုက်စားခြင်းဆိုသည်ကို လာဘ်စားတာလောက်ပဲ လူအတော်များများက သိထားကြသော်လည်း ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိနှင့် ဘယာဂတိ စသည်ဖြင့် အဂတိတရားလေးပါးရှိကြောင်း၊ အဆိုပါအဂတိတရားလေးပါး လွှမ်းမိုးခံရသူသည် တရားနည်းလမ်းအတိုင်း မဆောင်ရွက်မပြုလုပ်ဘဲ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းတို့ကြောင့် ဘက်လိုက်ဆောင်ရွက်မိလျှင် အဂတိလိုက်သည်ဟုဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပိုက်ဆံယူမှအဂတိတရားနှင့် မကင်းတာ မဟုတ်ဘူး။ နိုင်ငံရဲ့အကျိုးကို မကြည့်ဘဲနဲ့ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေများရဲ့ မျက်နှာကြည့်ပြီး လုပ်တယ်ဆိုတာကလည်း အဂတိတရားတစ်မျိုးပါပဲဟု ပြောကြားထားခဲ့ပါတယ်” ဟု ပြောကြားသည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ အဂတိလိုက်စားမှုသည် နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့် အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင် မြန်စွာဝင်ရောက်နိုင်မှုတို့ကို ထိခိုက်စေပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူလူထု အားကိုးယုံကြည်ရသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် မိမိတတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ အဂတိလိုက်စားမှု ပပျောက်ရေး အတွက် မိမိအတ္တကို ရှေ့တန်းမတင်ဘဲတရားသဖြင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် အဂတိလေးပါးကို လုံးဝရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။ 
အစိုးရဌာန အစိုးရအဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျှော့ချနိုင်ရန် အဂတိလိုက်စားမှု သိသာထင်ရှားစွာ ကျဆင်းသွားရန်နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းများ သိသာထင်ရှားစွာ အဆင့်တိုးတက်လာစေရန် ၀ိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ကြစို့လို့ တိုက်တွန်းပြောကြားလိုကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရေး နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူလူထု၏ အကျိုးစီးပွားများဆုံးရှုံးနစ်နာမှုမရှိစေရေး၊ အဂတိလိုက်ကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ 
အဆိုပါ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိရေး ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment