Wednesday, June 26, 2019

အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦး၏ ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုနှင့်ပတ်သက်၍ အထူးကုဆရာဝန်နှစ်ဦးကိုစစ်ဆေး



အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးတို့ကို ဇွန် ၂၅ ရက်က တိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ၁၆ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုနှင့်ပတ်သက်၍ အထူးကုဆရာဝန်နှစ်ဦးကို စစ်ဆေးခဲ့ကာ GGS ကုမ္ပဏီ MD ဦးသိန်းထွေးက အချုပ်လွတ်ထုချေခွင့်ပြုရန် အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။ 
ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက်ထားမှုကို ဇွန် ၂၄ ရက်တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း ၎င်း၏ ရှေ့နေများက ဒေါက်တာလဲ့လဲ့မော်၏ ဆေးစစ်ချက် မှတ်တမ်းများကို ရုံးတော်သို့ တင်ပြခဲ့ပြီး ဆေးစစ်ချက်ထုတ်ပေးသော ဆရာဝန်ကို ရုံးတော်မှ ခေါ်ယူစစ်ဆေးပြီးပေးရန်နှင့် စစ်ဆေးပြီးမှသာ အာမခံလျှောက်ထားမှုကို အမိန့်ချပေး ပါရန် လျှောက်ထားခဲ့သဖြင့် အမိန့်မချဖြစ်ဘဲ ဇွန် ၂၅ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက် ရုံးချိန်းတွင် ဒေါက်တာလဲ့လဲ့မော်ကို ဆေးစစ်ပေးခဲ့သည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် နှစ်ဦးကို ရုံးခေါ်သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သော်လည်း အမိန့်မချဖြစ်ခဲ့ဘဲ လာမည့် ၁၇ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇူလိုင် ၁ ရက်တွင်သာ အမိန့်ချရန် ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ 
“ရာဇဝတ်ကြီးအမှုအမှတ်(၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉)၊ (၄/၂၀၁၉) အမှု လေးမှုစလုံးက ဒေါက်တာလဲ့လဲ့မော်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့တဲ့ ထားဝယ်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ်ဆရာဝန် ကြီးဒေါက်တာဇော်မြင့်နဲ့ အရိုးအထူးကု ဆရာဝန် ဒေါက်တာမျိုးစည်သူတို့ကို ရုံးခေါ် သက်သေအနေနဲ့ စစ်ဆေးခဲ့ပါတယ်။ နောက်ပြီးတော့ ရာဇဝတ်ကြီးအမှုအမှတ် (၄/ ၂၀၁၉) မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်ကို တရားလိုဘက်က ဥပဒေအရာရှိကနေ နောက်တိုးသက်သေအဖြစ် ခေါ်ယူစစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပါတယ်။ နောက်ရာဇဝတ်ကြီးအမှုအမှတ် (၃/၂၀၁၉) နဲ့ (၄/၂၀၁၉)အမှုတို့က (၂) တရားခံဖြစ်တဲ့ ဦးသိန်းထွေးက အမှုအတောအတွင်း အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။ နောက်ရုံးချိန်းကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်ကို ချိန်းဆိုထားပါတယ်။ နောက်ရုံးချိန်းမှာ ဒေါက်တာလဲ့လဲ့မော်ရဲ့ အာမခံလျှောက်ထားချက်အပေါ် အမိန့်ချဖို့၊ ဦးသိန်းထွေးရဲ့ အာမခံလျှောက်ထားမှုနဲ့ စပ်လျဉ်းပြီးတော့ လျှောက်လဲချက်ကြားနာဖို့၊ နောက်အမှုလေးခုစလုံးအတွက် တရားလိုပြသက်သေ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ညွှန်ကြားရေးမှူုး ဒေါ်စန်းစန်းမြင့်ကိုစစ်ဆေးဖို့ ချိန်းဆိုထားတာ ဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။ 
ဦးသိန်းထွေးက အာမခံလျှောက်ထားရသည့် အကြောင်းရင်းမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ သဘာဝဓာတ်ငွေ့ဖိုး အကြွေးကျန်ငွေအနေဖြင့် ယနေ့အထိ ငွေကျပ် ၄၆၁၅၉၅၀၀၀၀ သိန်း (ကျပ်သိန်းလေး သောင်းကျော်) ပေးသွင်းပြီးဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံ ကတိဝန်ခံချက်အတိုင်း ပေးသွင်းရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို သတ်မှတ်ကာလအတွင်းတွင် အပြည့်အဝပေးသွင်းနိုင်ရန်အတွက် အချုပ်လွတ်ထုချေခွင့်ပြုရန် အကြောင်းပြ လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group


0 comments:

Post a Comment