Tuesday, June 25, 2019

ဇွန် ၂၄ ရက်အထိ တစ်နိုင်ငံလုံးတွင် H1N1 ဖြစ်ပွားသူ ၃၅ ဦးအနက် ရှစ်ဦးသေဆုံးပြီး ရန်ကုန်မြို့၌ ဖြစ်ပွားသူ ၂၄ ဦးတွင် သေဆုံးသူခုနစ်ဦး ပါဝင်


ဇွန် ၂၄ရက်အထိ တစ်နိုင်ငံလုံးတွင် H1N1 အတည်ပြုလူနာ ၃၅ ဦးအနက် သေဆုံးသူရှစ်ဦးအထိရှိပြီး ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ပွားသူ ၂၄ ဦး၊ သေ ဆုံးခုနစ်ဦး ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ သိရသည်။ 
“ဇွန် ၂၄ ရက် ညနေပိုင်းအထိ ရထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ သံသယလူနာ ၁၇၄ ဦး၊ ပိုးတွေ့လူနာ ၃၅ ဦးရှိပြီး သေဆုံးသူရှစ်ဦး ရှိပါတယ်။ အဲဒီထဲက ရန်ကုန်က သံသယလူနာ ၇၈ ဦး၊ ပိုးတွေ့လူနာ ၂၄ ဦးနဲ့ သေဆုံး ခုနစ်ဦး ပါဝင်ပါတယ်။ သေဆုံးသူ တစ်ယောက်ထပ်တိုး လာပါတယ်။ သူကမြောက်ဒဂုံမြို့နယ်မှာ နေတဲ့ အသက်တစ်နှစ် သုံးလအရွယ်ကလေး ဖြစ်ပါတယ်။ ရန်ကင်းကလေးဆေးရုံမှာ ဆုံးသွားတာပါ” ဟု ဒုတိယ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာထွန်းမြင့်က ပြောကြားသည်။ 

Influenza A (H1N1) pdm 09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေး ရောဂါအနေဖြင့် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုရာသီတွင် အိမ်နီးချင်း နိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၄၀၆ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံး သူ ၃၈ ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိ ခဲ့ပြီး သေဆုံးသူ မရှိခဲ့ကြောင်း ဇွန်၂၀ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအပေါ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုချက်များ ပေးပို့ခဲ့ကြောင်း၊ အကြံပြုချက်တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များသည့် ကာလများတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းရောဂါ (SARI) လူနာများအား ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးပေးနိုင်ရန် Protocol များချမှတ်ဆောင်ရွက်ခြင်းနှင့် ပဋိဇီဝဆေးဝါးများ ယဉ်ပါးမှု မဖြစ်စေရေးအတွက် အရေးကြီး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများတွင် အားဖြည့် ဆောင်ရွက်သွားရန် အကြံပြုထားသည်။ 

Eleven Media Group

0 comments:

Post a Comment