Tuesday, June 25, 2019

ပဲခူးဆေးရုံကြီးတွင် ပထမဆုံး Medicine Box များထားရှိ


ပဲခူးမြို့ရှိ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးတွင် ပိုလျှံဆေးဝါးများကို လာရောက်လှူဒါန်းနိုင်ရန် Medicine Box များကို ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်၏ ဦးဆောင်စီစဉ်မှုဖြင့် ပထမဆုံး ထားရှိကြောင်း သိရသည်။ 
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အများပြည်သူများ အခမဲ့စားသုံးနိုင်သော Food Box များ ထားရှိနေခြင်းကို နည်းယူပြီး ပဲခူးမြို့ခံ တက်ကြွလူငယ်များနှင့် ပရဟိတအဖွဲ့များမှလည်း ပဲခူးဆေးရုံကြီးဝင်းအတွင်း Food Box များထားရှိရန် ဆရာကြီးရန်နိုင်မောင်နှင့် တိုင်ပင်ကြရာမှ ပဲခူးမြို့နှင့် ဆေးရုံကြီးတွင် အမှန်တယ် လိုအပ်နေသော Medicine Box များကိုထားရှိရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 
“ကျွန်တော်တို့ ဆေးရုံကြီးနဲ့ ပဲခူးမြို့ကြီးအတွက် အမြဲတမ်း ကူညီနေတဲ့ ပဲခူးမြို့က လူငယ်တွေနဲ့ ပရဟိတ အဖွဲ့တွေက လာရောက် တိုင်ပင်ခဲ့ပါတယ်။ အခြားမြို့တွေမှာလို လမ်းတွေမှာ Food Box မထားဘဲ ဆေးရုံကြီးထဲမှာထားဖို့ တိုင်ပင်ကြပါတယ်။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်တာထက်စာရင် ဆေးရုံကြီးနဲ့ အဓိကသက်ဆိုင်တဲ့ Medicine Box လေးတွေထားရင် ပိုသင့်တော်မယ်ထင်လို့ လုပ်ဖြစ်သွားတာပါ။ သဘောကတော့ ကျွန်တော်တို့ အိမ်တိုင်းမှာလိုလိုပဲ ဖျားနာလို့ပဲဖြစ်ဖြစ်၊ အခြားရောဂါတွေ ကြောင့်ပဲဖြစ်ဖြစ် ဝယ်သုံးရတဲ့ ဆေးတွေရှိတယ်။ ဒီဆေးတွေကနေ ကောင်းသွားလို့ မလိုတဲ့အခါ စွန့်ပစ်တာ၊ နောက်လူတွေကို လက်ဆင့်ကမ်းတာ တွေရှိတယ်။ နောက်ပြီး ရောဂါကြောင့် ဝယ်ထားတဲ့ဆေးတွေက လူနာသေဆုံးတဲ့အခါ ကျန်နေတာတွေရှိတယ်။ ဒီတော့ ပိုတဲ့ဆေးတွေကို လက်ဆင့်ကမ်းမယ်ဆိုရင် အသုံးမပြုတတ်ရင် ဘေးထွက်ဆိုးကျိုး တွေရှိမယ်။ စွန့်ပစ်တဲ့ အခါတော့ ဘယ်သူမှ သုံးမရတော့ဘူး။ ဒီလိုတွေ မဖြစ်အောင် မိမိမလိုတော့တဲ့ ဆေးဝါးတွေအားလုံး ဒီ Medicine Box ထဲကို လာထည့်မယ်။ ကျွန်တော်တို့က ဆေးတွေကို သိမ်းဆည်းပြီး ရက်လွန်တဲ့ ဆေးတွေဆို စွန့်ပစ်မယ်။ သုံးလို့ရတဲ့ဆေးတွေဆို အခမဲ့ဆေးခန်းတွေကို ပြန်လှူမယ်။ ဆေးရုံမှာ သုံးလို့ရတာ ပြန်သုံးပေးမယ်။ ဒီတော့ လေလွင့်မှုတွေ သက်သာပြီး အားလုံးအကျိုးရှိမယ်ထင်လို့ ဒီအစီအစဉ်လေးကို လုပ်ဆောင်ရတာပါ” ဟု ပဲခူးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။ 
အဆိုပါ Medicine Box များ ပဲခူးဆေးရုံဝင်းအတွင်း ထားရှိခြင်း လုပ်ငန်းများကို ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက စတင်လုပ်ဆောင်ခဲ့ပြီး နောက်ရက်များတွင်လည်း ပဲခူးမြို့အတွင်း တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment