Thursday, October 15, 2015

နိုင်ငံတော်သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ကြပြီ


လောက နိယာမအရ လူတို့၏စိတ်နှင့် စပ်ဆိုင်သမျှ သဘာဝတရား တို့သည် ကြံစည်ခြင်း၊ ပြောဆိုခြင်းနှင့် ပြုမူခြင်း ဟူသမျှတို့သည် စိတ်သာလျှင် ရှေ့သွား ရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီး ကုန်၏။ တစ်စုံတစ်ယောက် သောသူသည် ကြည်လင်သော စိတ်ဖြင့် ပြောဆို၊ ပြုမူ၊ ကြံစည်ခြင်း ကြောင့် ထိုသူ၏ နောက်သို့ အရိပ်သည် အစဉ်လိုက် သကဲ့သို့ ချမ်းသာသည် အစဉ်လိုက်၏။ ဤလောက၌ ရန်သူတို့သည် ရန်တုံ့မူ ခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းကုန်၊ ရန်တုံ့မမူ သဖြင့်သာလျှင် ရန်တို့ ငြိမ်းကုန်၏။ ဤသို့ ရန်တုံ့မမူ သဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ ဓမ္မတာ သဘောပေတည်း ဟူ၍ ဓမ္မပဒ၌ လမ်းညွှန်ပြဆို ထားသည်။မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှစ၍ ခေတ် အဆက်ဆက် အစိုးရတို့သည် ပြည်တွင်း ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့ ကြသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှစ၍ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ (NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ (MPC) တို့၏ ကြိုးပမ်းမှုကြောင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့သည် အောက်တိုဘာ ၁၅ ရက်တွင် ပြည်တွင်းပြည်ပမှ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ ကြပြီးဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုး နိုင်ရန် အဆင့်ဆင့် ကြိုးပမ်းခဲ့ကြ ရာတွင် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် လိုင်ဇာ ထိပ်သီး ညီလာခံ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ရေးဆွဲရေး သဘောတူညီမှု ရရှိခဲ့သည်။ ၂ဝ၁၄ ခုနှစ် မတ် ၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းမှု အဖွဲ့တို့ တွေ့ဆုံ၍ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရေး အတွက် ပထမဆုံး အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၈ ရက်တွင် နှစ်ဖက်မှ တင်ပြ လာကြသော အချက်အလက် များကို စုစည်း၍ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA Single Text) အဖြစ် ပေါင်းစည်းရေးသား နိုင်ခဲ့သည်။

၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(မူကြမ်း) ရရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇွန် ၂ ရက်တွင် လော်ခီးလာ ထိပ်သီး ညီလာခံ ကျင်းပ၍ အထက်ပါ စာချုပ် မူကြမ်းအား ဆွေးနွေးညှိနှိုင်း ကြပြီး သြဂုတ် ၇ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ ကြသည်။

စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံဆွေးနွေး ခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး နိုင်ရန် နိုင်ငံတော် သမ္မတ က ဖိတ်ခေါ်ခဲ့ရာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA-S) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အတူ အောက်တိုဘာ ၁၅ ရက်တွင် NCA ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး ဖြစ်သည်။

သို့ဖြစ်၍ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတည်း ဟူသော ဒို့တာဝန် အရေးသုံးပါးကို အားလုံးလက်ခံယုံကြည်ကြ သကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ကိုလည်း နိုင်ငံတော် အစိုးရက လက်ခံပြီး ဖြစ်သဖြင့် NCA ကို လက်မှတ်ရေးထိုး နိုင်ကြခြင်းသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ သမိုင်းမှတ်တိုင် သစ်ကို စိုက်ထူ နိုင်ကြခြင်းပင် ဖြစ်ပေသည်။

Themyawadydaily

0 comments:

Post a Comment