Thursday, October 15, 2015

တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စာချုပ် လက်မှတ်ရေးထိုး၊ အမေရိကန် နှင့် အီးယူ ကြိုဆိုကြောင်း ထုတ်ပြန်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်(NCA)လက်မှတ်ရေးထိုးပွဲကို နိုင်ငံတော်အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ကလက်မှတ်ရေးထိုးခဲ့ ပြီး ယင်းသို့ လက်မှတ်ရေးထိုးနိုင်မှု ကို ကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂ တို့က ထုတ်ပြန်သည်။လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို စာချုပ်တွင် လက်မှတ်ရေးထိုးရန်အစိုးရမှကမ်းလှမ်းခဲ့သော်လည်း ၈ ဖွဲ့မှ လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ကျန်ရှိသည့် အဖွဲ့များကို ဆက်လက်ပါဝင်လာရန် ကြိုဆိုလျက်ရှိ ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။"တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး မပါနိုင်သေးပေမယ့် ကနဦး ရှေ့ပြေးအနေနဲ့ ပါဝင်ပြီး ရှေ့ဆက် သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ကျန်နေသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ထားပါတယ်" ဟု ၎င်းကဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် အပစ်အခတ်လက်မှတ်ရေးထိုးနိုင်ခြင်းမှာ နိုင်ငံ၏သမိုင်း သစ်တစ်ခုကိုဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားအဖွဲ့များအနေနှင့် တောင်းဆို လာပါက ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းမည့်အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDWC) ကို ဆက်လက်ဖွဲ့စည်း၍ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ထားသော နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

မြန်မာ့နိုင်ငံ၏လွတ်လပ်ရေးသက်တမ်းတွင်စစ်ပွဲများကြောင့် ခါးသီးစွာ တွေ့ကြုံခဲ့ရပြီးလက်နက်ကိုင် ပဋိပက္ခ များ၏ဆိုးမွေများကိုခံစားခဲ့ရသောကြောင့် ပြည်ဖုံးကားချနိုင်ရေး ကြိုးပမ်းရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆက်ဆက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့် အားလုံးလွှမ်းခြုံသောအဖြေ မထွက်သေးသည့် လက်ရှိကာလတွင် ဖိအားပေးမှုများကို ရှောင်ကြဉ်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ထောင်ရန်လိုအပ်ကြောင်း တက်ရောက်လာသည့် တိုင်းရင်းသားများ ကိုယ်စား KNU ဥက္ကဋ္ဌ စောမူတူးစေး ဖိုးကပြောသည်။

အစိုးရအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်ရာတွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွား ရန် တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ၊သတင်းပြန်ကြားရေးရုံးက အောက်တိုဘာ ၁၅ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုကဲ့သို့ လက်မှတ်ရေးထိုး နိုင်ခြင်းသည် တရားမျှတသော ငြိမ်းချမ်းရေး တည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်၏ အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။

ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူ အားလုံးသည် လက်မှတ်ရေးထိုးသော စာချုပ်ပါစာသားနှင့် အနှစ်သာရတို့ကို လိုက်နာရန် လိုအပ်ကြောင်း အမေရိကန် သံရုံး ၏ ထုတ်ပြန်မှုတွင် တိုက်တွန်းထားသည်။

ယင်း အပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နှစ်ဖက်အဖွဲ့အစည်းများက စာချုပ်ပါအချက်များကို လေးစား လိုက်နာရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံး စတင်ရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းထားသည်။

အဆို ပါ တစ်နိုင်ငံ လုံး အပစ်အခတ်တိုက် ခိုက် မူရပ် စဲရေး သဘောတူ ညီချက် စာချုပ် NCA ကို နေပြည် တော်ရှိ MICC (၂) တွင် အောက်တိုဘာ ၁၅ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။

ယင်း အခမ်း အနား သို့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့်အစိုးရအဖွဲ့မှဥပဒေဆိုင်ရာ ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော က ရင် အမျိုး သား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ ကပူးတွဲလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် သက်သေအဖြစ် ပြည်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များ ၊ တိုင်းရင်း သား ခေါင်းဆောင်များ နှင့် သံတမန် များ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
အစိုးရသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးသောလက်နက်ကိုင်အဖွဲ့ အစည်းများကို မတရားအသင်းမှ ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

အစိုးရနှင့် အပစ်ရပ်ဆွေးနွေးခဲ့ပြီး လတ်တလောတွင် NCA ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်ထားသည့် အဖွဲ့များမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက် ရေးပါတီ (KNPP)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ ဖြစ်ကြသည်။

ထို့အပြင် '၀'ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီ ညွတ်ရေး တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကလည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် NCA လက်မှတ်ရေးထိုးရန် မလိုကြောင်း သဘောထားထုတ်ပြန် ထားသည်။

အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ၊ တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရခိုင့်တပ်မတော် (AA)တို့ကို NCA စာချုပ်တွင် လက်မှတ် ရေးထိုးရန် အစိုးရဘက်မှ လက်ခံခြင်းမရှိသေးပေ။

The Voice Weekly

0 comments:

Post a Comment