Thursday, October 1, 2015

သူရဦးတင်ဦးနဲ့ တွေ့ဆုံခဲ့တဲ့ ဦးဝီရသူ


သူရ ဦးတင်ဦးနဲ့ မနေ့က မန္တလေး မစိုးရိမ် ကံတက်ကုန်း ကျောင်းတိုက်မှာ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူတို့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝီရသူကို ဧရာဝတီသတင်းထောက် ဇာနည်မာန်က ဆက်သွယ်မေးမြန်းထားတယ်။မန္တလေးကို ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးနဲ့ မနေ့က မန္တလေး မစိုးရိမ် ကံတက်ကုန်း ကျောင်းတိုက်မှာ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူတို့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဦးဝီရသူကို ဧရာဝတီသတင်းထောက် ဇာနည်မာန်က ဆက်သွယ်မေးမြန်းထားတယ်။

မေး ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးတင်ဦး မန္တလေးကို မဲဆွယ်စည်းရုံးရေးကိစ္စ လာတဲ့အခါမှာ ဆရာတော်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်းကြောင့် တွေ့ဆုံဖြစ်ခဲ့တယ်ဆိုတာလည်း မိန့်ပေးပါဘုရာ့။
ဖြေ ။ ။ ကံတက်ကုန်း ဆရာတော်က ဦးတင်ဦးလာမယ်၊ မန္တလေးက ဆရာတော်တွေနဲ့ တွေ့ကြမယ်ဆိုတော့ ဦးအိန်ဒါစက္ကနဲ့ ဦးဝီရသူ နှစ်ပါးကိုဖိတ်ချင်တယ် ဒကာကြီး သဘောတူမလားဆိုတော့ ဒကာကြီးက လိုလိုလားလားရှိတာနဲ့ ဆရာတော်က ဦးဇင်းတို့ကို ကားနဲ့ပင့်ခိုင်းလိုက်တာပေါ့။ ဦးဇင်းက အင်တာဗျူး ရှိနေတာနဲ့ ဦးအိန်ဒါစက္ကက အရင်သွားလိုက်တယ်။ ဦးဇင်းရောက်တော့ နောက်ကျသွားတယ် ဒကာကြီးက ကျောင်းပေါ်ကနေတောင် ပြန်ဆင်းလာပြီ။ ဦးဇင်းနဲ့ ဒကာကြီး လှေကားမှာ တွေ့တယ်။ ဦးဇင်းက ဒကာကြီး ဦးဇင်းက နောက်ကျသွားလို့ နှုတ်ပဲ ဆက်လိုက်တော့မယ်နော်ဆိုပြီး ကျောင်းပေါ်တက်သွားပြီးတော့ ခနနေတော့ ဒကာကြီးက ပြန်တက်လာပြီးတော့ စကားပြောကြတာပေါ့။
ကံတက်ကုန်းဆရာတော်က ဒကာကြီးတို့ကလည်း နိုင်ငံအတွက် အကျိုးရှိတဲ့သူတွေ၊ ဒီက ဘုန်းကြီး နှစ်ပါးကလည်း ဘာသာ၊ သာသနာတော်အတွက် အကျိုးရှိတဲ့သူတွေ၊ ဒီတော့ ဒကာကြီးနဲ့ ဒီဆရာတော်သံဃာတော်တွေနဲ့ အမြဲတမ်း ထိတွေ့နေမှ ကောင်းမှာ။ ဒါကြောင့် ဘုန်းကြီးက ဆရာတော်နှစ်ပါးကို ပင့်တာပါ။ ဒကာကြီးကတော့ လျှောက်စရာရှိတာတွေကို လျှောက်ပြီးသွားပြီ၊ အဲ့ဒီတော့ ဆရာတော် နှစ်ပါးကပဲ ဒကာကြီးကို ပြောပြလိမ့်မယ်။ ဒကာကြီး နားထောင်ပါလို့ဆိုတယ်။ ဦးဇင်းက စပြောတာပေါ့။ ၂၀၁၂ တုန်းက အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပံ့မှုတွေလည်း လုပ်ခဲ့ပြီးပြီပေါ့။ အဲ့ဒီအတွက်လည်း အကောင်းမမြင်ကြလို့ ဦးဇင်းတို့ အခုလို အမြင်မတူကြဘူးဆိုတဲ့ အကြောင်းလေးတွေ ပြောပြတာပါ။ ဦးဇင်းကတော့ ပြည်သူချစ်သော ပါတီကနေ ပြည်သူချဉ်သော ပါတီ မဖြစ်စေချင်ဘူး၊ ဒါကြောင့်မို့ ဒါကို လိုက်နာရမယ်လို့ ပြောခဲ့တာပေါ့နော်။

မေး။ ။ ဦးဇင်းတို့ ဒီလို့ ပြောကြဆိုကြတော့ ဦးတင်ဦးဖက်ကရော ဦးဇင်းတို့ကို ဘာတွေများ လျှောက်ထားမေးမြန်းတာတွေ ရှိပါသလဲ ဘုရာ့။
ဖြေ။ ။ ဒကာကြီးကတော့ သြဝါဒ ခံယူဖို့ လာတာဆိုတော့လေ နိုင်ငံရေးနဲ့ ပတ်သက်တာရော၊ မဘသနဲ့ ပတ်သက်တာရော ဦးဇင်းတို့ အမျိုးစောင့် ဥပဒေ အောင်ပွဲတွေ ကျင်းပတာတွေနဲ့ ပတ်သက်တာတွေရော ဘာတခွန်းမှကို မလျှောက်ပါဘူး။ သူကတော့ ဆရာတော်သံဃာတော်တွေကို အမြဲတမ်း ဦးထိပ်ထားတဲ့အကြောင်းလေးတွေကိုပဲ လျှောက်ပါတယ်။

မေး။ ။ NLD ထောက်ခံသူ၊ မဘသ ထောက်ခံသူတွေကြားမှာ ကွဲပြားတဲ့ အယူအဆတွေနဲ့ အမြင်မကြည်မှုတွေ၊ ထိပ်တိုက်တွေ့မှုတွေဖြစ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးခဲ့တာများ ရှိပါသလား ဘုရာ့။
ဖြေ ။ ။ ရှိပါတယ်။ ဒီလိုတွေ ဖြစ်နေတာက ၂ နှစ်လောက် ရှိပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းပုံတို့ NLD လိုဂိုတို့ ပရိုဖိုင်းတွေလုပ်ထားတဲ့ Facebook အကောင့်တွေပေါ်ကနေ ဦးဇင်းတို့ မဘသအဖွဲ့တွေ၊ ဆရာတော် သံဃာတော်တွေကို ဝေဖန် ပုတ်ခတ်နေတဲ့ ကိစ္စတွေရယ်၊ နောက် ဦးဇင်းတို့ မဘသ လိုဂိုတို့၊ ၉၆၉ တံဆိပ်တို့ ဦးဇင်းတွေပုံတွေနဲ့ NLD ကို တိုက်ခိုက်နေတာတွေပေါ့၊ တယောက်နဲ့တယောက် တိုက်ခိုက်နေတာတွေ ဦးဇင်းတို့ မြင်နေရတယ်။ ဒါက ခေါင်းဆောင်တွေအနေနဲ့ ဖြေရှင်းဖို့ လိုတယ်ဆိုတာတွေလည်း ဦးဇင်းတို့ ပြောဖြစ်တယ်ပေါ့နော်။

မေး။ ။ ဆရာတော်တို့ အခုလို တွေ့ဆုံမှုကနေ ဒီလို နှစ်ဘက်ဖြစ်နေတာတွေကို ဘယ်လို ပြေလည်အောင် ဖြေရှင်းသွားနိုင်မယ်လို့ ထင်လဲဘုရာ့။
ဖြေ။ ။ အခုလို အမြဲတမ်းထိတွေ့ ဆွေးနွေးမှုတွေ ရှိနေမယ်ဆိုရင် တယောက်နဲ့တယောက် အထင်အမြင်လွဲတာတွေလည်း မဖြစ်တော့ဘူးပေါ့။ ပြီးတော့ အပြုသဘောဆောင်ပြီးတော့ ထောက်ပြဝေဖန်တာတွေကိုလည်း နှစ်ဖက်လုံးက လက်ခံလာနိုင်တာပေါ့။ ပြီးတော့ ကြားကနေပြီးတော့ အနှောင့်အယှက်တွေလည်း မပေါ်လာနိုင်တော့ဘူးပေါ့နော်။ အဲ့ဒီတော့ ဦးဇင်းတို့ကတော့ ဒီလိုပဲ အမြဲတမ်း ထိတွေ့ဖို့ လိုလားပါတယ်။

မေး။ ။ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာထားတဲ့ ဆရာတော်ရဲ့ သဘောထားကရော ဘယ်လိုပါလဲဘုရာ့။
ဖြေ။ ။ ဦးဇင်းတို့က ဘုရားသားတော်တွေဖြစ်တယ်။ ဦးဇင်းတို့ကတော့ ပါတီတခုတည်းကို ကြည့်ပြီးတော့ အားပေးလို့ မရဘူး။ ပါတီအားလုံးက အကောင်းဆုံးတွေကို ရွေးချယ်ရမယ်။ ဦးဇင်းတို့ မဟာအောင်မြေမြို့နယ်မှာဆိုရင် ၅ ယောက် ယှဉ်ပြိုင်မယ်။ အဲ့ဒီတော့ အဲ့ဒီ ၅ ယောက်ထဲကနေမှ အကောင်းဆုံးက NLD ဖြစ်ရင် NLD ကိုရွေးမယ်။ တခြားပါတီဖြစ်ရင် တခြားပါတီကိုရွေးမယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒကာကြီး ဦးတင်ဦးကို ဦးဇင်း သေချာပြောလိုက်ပါတယ်။
NLD ပါတီကနေ လုပ်ခဲ့တဲ့ ကိစ္စတွေ တော်တော်များများမှာ ဦးဇင်းတို့ထောက်ခံအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ၂၀၁၂ ကတည်းက ဦးဇင်းတို့ ဟောလာတဲ့ တရားတွေမှာ ဒါတွေ ပါပါတယ်။ စစ်သားဆိုတာ စစ်တပ်မှာပဲ ရှိသင့်တာပေါ့နော်။ အုပ်ချုပ်ရေးမှာ မရှိသင့်ဘူးပေါ့။ ဒါနဲ့ပတ်သက်ပြီး ဘုရားဟောခဲ့တာတွေနဲ့ ဦးဇင်းတို့ တရားတွေမှာ ထည့်ဟောတာတွေ ရှိခဲ့တယ်။ စစ်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ မရှိအောင်လုပ်နေတာတွေကို ဦးဇင်းတို့က သဘောတူတယ်။ ၄၃၆ ဘာညာ ပြင်ဖို့ ကြိုးစားအားထုတ်တာတွေမှာလည်း ဦးဇင်းတို့က မကန့်ကွက်တဲ့အကြောင်း၊ သဘောတူတဲ့အကြောင်းတွေ ဒကာကြီးကိုလည်း ပြောပြခဲ့ပါတယ်။ ၅၉ (စ) လေးကတော့ အမျိုးသားခံတပ်ကြီးလို ဖြစ်နေတဲ့အတွက်ကြောင့် ဦးဇင်းတို့က အပြင်မခံနိုင်တာပါလို့၊ အဲ့ဒါကလည်း ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြောတယ်လို့ မဟုတ်ပါဘူးလို့၊ ဒါပေမယ့် ဦးဇင်းတို့ကို လက်ကိုင်တုတ်တို့၊ လော်ဘီတို့ဆိုပြီး နိုင်ငံရေး အသိုင်းအဝိုင်းကနေ စွပ်စွဲတာ ခံရတယ်ဆိုတဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။ ဒကာကြီးကလည်း တလေးတစား တရိုတသေ နားထောင်ပါတယ်။

မေး။ ။ ဆရာတော့်အနေနဲ့ NLD ကို ထောက်ခံတယ် အားပေးတယ်လို့ ဆိုလိုတာလားဘုရာ့။
ဖြေ။ ။ NLD ကို ထောက်ခံတယ် အားပေးတယ်ဆိုတာကတော့ နိုင်ငံရေး ရာသီဥတုအပေါ် မူတည်တာပေါ့နော်။ ဥပမာအားဖြင့်က ဦးဇင်းတို့ မျှော်လင့်ထားတာက အမျိုးသားရေး ဒီမိုကရေစီရေးကို ဘက်မျှအောင် လုပ်ပေးမယ်လို့ မျှော်လင့်ထားတယ်ပေါ့။ သို့သော်လည်း ၂၀၁၂ ရခိုင်အရေးအခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားရေးက လုံးဝ မတွေ့သလောက်ပဲ။ ဒီမိုကရေစီ အရေးလောက်ပဲ တွေ့ရတယ်။ အဲ့ဒီလိုဆိုတော့ အဲ့ဒီကနေစပြီးတော့ ဦးဇင်းတို့ ခပ်စိမ်းစိမ်း ဖြစ်သွားကြတာပေါ့။ အဲ့ဒီနောက်ပိုင်းမှာကျတော့ ဦးဇင်းတို့ ဖြစ်စေချင်တာက လွှတ်တော်ထဲမှာ အရပ်သား အမတ်တွေ အပြည့်အဝ ရောက်ရှိရေးကို ဖြစ်စေချင်တာ။ အဲ့ဒီအတွက် အားကောင်းမောင်းသန် အမတ်လောင်းတွေ မွေးထုတ်ပေးစေချင်တာ။ အဲ့ဒါပြီးတော့ နိုင်ငံကို အုပ်ချုပ်မယ့် ပါတီကို အုပ်ချုပ်ပြီး ထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေကိုလည်း မွေးထုတ်ပေးစေချင်တယ်။ ငါ သမ္မတ မလုပ်ရဘူး၊ ငါသမ္မတလုပ်ခွင့် မရှိဘူးဆိုရင် ငါ့အစား သမ္မတအဖြစ် ဘယ်သူ့ကို တင်မလဲ၊ အဲ့ဒီလို သမ္မတလောင်းလျာတွေ ကောင်းကောင်းကြီး အရည်အချင်းတွေပြည့်အောင် မွေးထုတ်ပေးစေချင်တာပေါ့။ သို့သော်လည်းပဲ သူတို့က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ပဲ ကြိုးစားကြပြီးတော့ ဒီအောင်နိုင်ရေးကို လှည့်ပြီးတော့ မစဉ်းစားကြဘူးပေါ့နော်။ အဲ့ဒီအတွက် အားမလို အားမရဖြစ်တယ်။ ဒါတွေကိုလည်း ဒကာကြီးကို ပြောပြခဲ့တယ်။

မေး။ ။ ဆရာတော့်အနေနဲ့ အခုနေများ မဲပေးခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်ပါတီ၊ ဘယ်သူကို မဲပေးမလဲဘုရာ့။
ဖြေ။ ။ ဦးဇင်းကတော့ ဘယ်ပါတီကိုမှလည်း မဲမပေးဘူး။ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း မဲမပေးဘူး။ ဦးဇင်းရဲ့ မူဝါဒကတော့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းဆိုတဲ့ အဂတိတရားလေးပါးကို ကင်းရှင်းစွာနဲ့ ကိုယ့်မြို့ရွာအတွက် တကယ်အလုပ်လုပ်မယ့် လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမတ်ဆိုရင် တသီးပုဂ္ဂလဖြစ်ဖြစ်၊ ပါတီသေးသေးလေးကပဲဖြစ်ဖြစ် ပေးရမယ်။ ပါတီကြီးကဆိုရင်တော့ ပြောစရာမရှိတော့ဘူးပေါ့။

မေး။ ။ အခု ရွေးကောက်ပွဲ မဲဆွယ်မှုကာလမှာ မဘသအဖွဲ့ကဆိုတဲ့၊ ၉၆၉ ဆိုတဲ့လူပုဂ္ဂိုလ်အချို့၊ သံဃာအချို့တို့ကနေ NLD ကို မဲမပေးဖို့ဆိုပြီး ပြောဆို စည်းရုံးလှုံ့ဆော်နေတာတွေ အပေါ်မှာ ဆရာတော်ရဲ့ သဘောထားအမြင်က ဘယ်လိုရှိပါသလဲ ဘုရာ့။
ဖြေ။ ။ ဦးဇင်းတို့ ၉၆၉ ပဲ ဖြစ်ဖြစ်၊ မဘသပဲ ဖြစ်ဖြစ် ဘယ်ပါတီကို မဲမပေးရဘူး၊ ဘယ်ပါတီကို မထည့်ရဘူးဆိုတဲ့ မူဝါဒ မရှိပါဘူး။ အဂတိတရားလေးပါး ရှင်းရှင်းနဲ့ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်ကို အကောင်းဆုံးဖြစ်အောင် ရွေးချယ်ဖို့ပဲ ညွှန်ကြားထားပါတယ်။ ဒါကြောင့် အဲ့ဒီလို ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေဟာ မဘသကိုလည်း ကိုယ်စားမပြုပါဘူး။ ၉၆၉ ကိုလည်း ကိုယ်စားမပြုပါဘူး။

ဧရာဝတီ

0 comments:

Post a Comment